မြန်မာ့ဇာတ်သဘင်အတွက် စင်ပေါ်မှာတင် အသက်ပေးသွားခဲ့ရတဲ့ အလင်္ကာကျော်စွာရွှေမန်းတင်မောင်

ရွှေမန်းတင်မောင်သည် သစ်ဝါးကုန်သည်ကြီး ဦးပြားနှင့် ဒေါ်မေတို့မှ မွေးဖွားသော သားသမီး ကိုးယောက်အနက် အထွေးဆုံးသားဖြစ်သည်။ မန္တလေးဇာတိဖြစ်ပြီး ငယ်အမည် တင်မောင် ဖြစ်သည်။ သူကား သဘင်သည် မျိုးရိုးမဟုတ်၊ကုန်သည်မျိုးရိုး ဖြစ်သည်။ ကုန်သည်မျိုးရိုးမှ မြန်မာ့ဇာတ်သဘင်ကို ဦးဆောင်လာနိုင်သည့်အရည်အချင်းရှိသူဖြစ်ပါသည်။

ဦးတင်မောင်သည် မိမိကိုယ်တိုင် ခေတ်ပညာကို ကြိုးစားပမ်းစား သင်ယူခဲ့သည့်ပြင် ဇာတ်အဖွဲ့သားများ၏ ပညာရေးကိုလည်း အားပေးခဲ့သည်။ ဇာတ်အဖွဲ့အတွင်းတွင် အင်္ဂလိပ်စာပြ ဆရာတဦးကို လစာ ၃၀၀ ကျပ် (ထိုခေတ်က လူနေမှု စရိတ်နှင့် ဆိုလျှင် မြင့်မားလှသည်) ပေးကာ ခန့်ထားခြင်းနှင့် စာကြည့်တိုက် တစ်ခု ထားရှိခဲ့ခြင်းတို့ ဖြစ်သည်။

သဘင်သည်ဘဝ အစမှာ မြခြေချင်း မငွေမြိုင်ထံတွင် သုံးနှစ်ခန့် သဘင်ပညာကို သင်ကြားခဲ့ပြီးသူ့အစ်မကြီး၏ ခင်ပွန်း ဦးခင်သက်က ဇာတ်ထောင်ပေးသဖြင့် ဇာတ်မင်းသားဘဝသို့ ရောက်ခဲ့လေသည်။ ထိုအချိန်မှ စ၍ တရှိန်ထိုးနာမည်တက်လာကာ အလင်္ကာကျော်စွာ ဘွဲ့ကိုပင် ရရှိခဲ့ပြီး အထူးကျော်ကြားသော မင်းသားဖြစ်လာလေသည်။

အနုမြူရောင်ခြည် ခေါ် စလိုက်မီးများကို စတင်သုံးစွဲ တီထွင်ခဲ့သည်။ရွှေမန်းတင်မောင် အဖွဲ့ကြီးသည် လူပေါင်း ၈ဝ ကျော်မျှနှင့် မြို့ရွာအသီးသီးသို့ လှည့်လည် ပြသနိုင်ပေသည်။ ရွှေမန်းတင်မောင်သည် မြန်မာ့ဇာတ်သဘင် အဆင့်ကျမသွားလေအောင် သိပ္ပံနည်းဖြင့် တနည်းတဖုံ စီမံထားသော အဝတ်အစားများကို ဝတ်ဆင်၍ ဇာတ်ခုံကို မှောင်ချကာ ကပြလေသည်။

အမှောင်ထဲတွင် တဝင်းဝင်းတောက်လျက် အံ့မဆုံးအောင် ဖြစ်ကြရလေသည်။ ထို့နောက် ဇာတ်ခုံထက်မှ ပိတ်ကားပေါ်တွင် အမှောင်ချ၍ လျှပ်စီးလက်ဟန်၊ မိုးရွာဟန် စသည်တို့ကိုလည်း ဆလိုက်မီးများဖြင့် ပြုလုပ်ပြလေသည်။ လျှပ်စီးလက်လိုက်သော ရောင်ခြည်တန်းကြီးများနှင့် မိုးကြိုးထစ်သံကြီးတို့မှာ တကယ်အလား ထင်မှားကြရလေသည်။

ဤသို့လျှင် ရွှေမန်းတင်မောင်က မီးရောင်ခြည်များကို စထွင်လိုက်သောအခါ “မီးရောင်ခြည်အစ ရွှေမန်းက”ဟူ၍လည်းကောင်း၊ ရွှေမန်းတင်မောင်ဟာ မီးနဲ့ ပြုစားနိုင်တယ်၊ ရွှေမန်းတင်မောင်ရဲ့ မီးရောင်ခြည်ကို ရုပ်ရှင် ကင်မရာတောင် လိုက်မမှီဘူး ဟူ၍လည်းကောင်း ပြောစမတ်ပြုကြလေသည်။

ရွှေမန်းတင်မောင်သည် ရွက်ထည်ရုံကြီးတွင် ရှေ့ဆုံးမှ နောက်သို့ ၅ကျပ်၊ ၃ကျပ်၊ ၂ကျပ်၊ ၁ကျပ်တန် ထိုင်ခုံများ စီခင်း၍ ရုံသွင်းကပြ ပြန်လေသည်။ ထိုသို့ ရုံသွင်းလာသောအခါ ညဉ့်လုံးပေါက် မကတော့ဘဲ ညဉ့်ဝက်အတောအတွင်းမှာ ရှေ့ပိုင်းတွင် နှစ်ပါးသွား၍ နောက်ပိုင်းတွင် ဂီတရူးတို့ ကဲ့သို့သော ပြဇာတ်မျိုး၊ ကြည့်တိုင်းပင် မရိုးနိုင်ရုံမျှမက စာပေရေး၊ နိုင်ငံရေး စသည့် စိတ်ဓာတ်များကို ပွင့်ဖူးလာစေသော “လက်ဝဲသုန္ဒရ “စသည့် ဇာတ်တို့ကို ကပြလေသည်။

ရွက်ထည်ရုံကြီးဖြင့် ကုလားထိုင်ခင်းကာ ကပြသော “ညဉ့်ဝက် စနစ်သစ်သဘင်”ရွှေမန်းတင်မောင်က တီထွင်လိုက်သောအခါ အိပ်ရေးပျက် မခံလိုကြသော ပွဲကြည့်ပရိသတ်သည် ဇာတ်ဘက်သို့ ဦးလှည့်လာကြသည်။ မြန်မာ့ရုပ်ရှင်လောက၏ အရှိန်အဝါအောက်ဝယ် နစ်မွန်းလုနီးပါးရှိခဲ့ရသော မြန်မာ့ဇာတ်သဘင်သည် ရွှေမန်းတင်မောင်၏ ညဉ့်ဝက် စနစ်ကြောင့် ပို၍ ဆန်းသစ်လာခဲ့သည်။

သရက်ခရိုင် မင်းလှမြို့နယ် လက်ပံရွာအနီးက မဟာပိန္နဲဘုရား ပွဲတော်တွင် (၁၉၆၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်) စနေနေ့ည (တစ်ချို့စာစောင်များတွင် ၃၀ ရက် တနင်္ဂနွေနေ့အကူး) ဇာတ်ခုံပေါ်တွင် ကရင်းခုန်ရင်း အသက် (၅၁) နှစ်တွင် ရုတ်တရက် ကွယ်လွန်ခဲ့သည်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page