ရော်နယ်ဒိုရဲ့ ဝမ်းနည်းစရာ ကမ္ဘာ့ဖလား နှုတ်ဆက်စကားနဲ့ ကြမ်းတမ်းခဲ့တဲ့ ငယ်ဘဝ အကြောင်း

ဘောလုံးဂန္ထဝင် ရော်နယ်ဒိုကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝမ်းနည်းစွာနဲ့ နှုတ်ဆက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ကြေကွဲစရာ သူ့ရဲ့ နှုတ်ဆက်စကား အပြည့်အစုံကို ဆက်လက်ဖော်ပြလိုက်ပါတယ်-

“ပေါ်တူဂီနဲ့ အတူ ကမ္ဘာ့ဖလားဆွတ်ခူနိုင်ရေးက ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံး အိပ်မက် ဖြစ်တယ်။ ကံကောင်းထောက်မစွာနဲ့ ပေါ်တူဂီနဲ့ အတူ အတိုင်းအတာ တခုထိ အောင်မြင်မှုတွေတော့ ရခဲ့တယ်။ ကျွန်တော့်နိုင်ငံကို ကမ္ဘာ့အမြင့်ဆုံးမှာ ထားနိုင်ဖို့က ကျွန်တော့်ရဲ့ အိပ်မက်ပါပဲ။ ဒါကို ရဖို့အတွက် တိုက်ပွဲဝင်ခဲ့တယ်။ ဒီအိပ်မက်အတွက် ကျွန်တော် ခက်ခက်ခဲခဲ တိုက်ပွဲဝင်ခဲ့တယ်။

၁၆ နှစ်ကျော်အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ရပ်မှာ အသင်းဖော်တွေရဲ့ ပံ့ပိုးမှုနဲ့အတူ ကျွန်တော် တတ်နိုင်သလောက် ပေးဆပ်ခဲ့တယ်။ အရာအားလုံးကို ဘောလုံးကွင်းထဲမှာ မြှုပ်နှံခဲ့တယ်။ တိုက်ပွဲကနေ ဘယ်တော့မှ လှည့်မထွက်ခဲ့သလို အဲဒီအိပ်မက်အတွက် ဘယ်တော့မှ လက်မလျှော့ခဲ့ဘူး။ ကံမကောင်းစွာနဲ့ပဲ မနေ့က အိပ်မက်တွေ ပြီးဆုံးသွားတယ်။ ကောင်းမွန်စွာနဲ့ တုံ့ပြန်ဖို့အတွက်တော့ မထိုက်တန်ပါဘူး။

ကျွန်တော့်ဖက်က အများကြီး ပြောတယ်။ အများကြီး ရေးတယ်။ အရာ အားလုံးအတွက် မျှော်မှန်းခဲ့တာကို လူတိုင်း သိစေချင်ပေမယ့် ပေါ်တူဂီနဲ့ ပတ်သက်လို့ ကျွန်တော့်စိတ်ထားက ခဏလေးတောင် မပြောင်းလဲခဲ့ပါဘူး။ အောင်မြင်မှုအတွက် အမြဲတိုက်ပွဲဝင်နေသူ တယောက် ဖြစ်သလို ကိုယ့်အသင်းဖော်တွေနဲ့ ကိုယ့်နိုင်ငံအတွက် ဘယ်တော့မှ နောက်ပြန်မဆုတ်ခဲ့ဘူး။

အခုတော့ ပြောစရာ သိပ်မရှိတော့ပါဘူး။ ကျေးဇူးတင်ပါတယ် ပေါ်တူဂီ။ ကျေးဇူးတင်ပါတယ် ကာတာ။ အိပ်မက်တွေက လှပနေခဲ့တယ်။ အခုချိန်မှာတော့ တယောက်ချင်းစီတိုင်းကို ကိုယ်ပိုင်အပြင်နဲ့ ကောက်ချက်ချခွင့် ပေးလိုက်ပါပြီ။”

ရော်နယ်ဒိုရဲ့ အစ်မဖြစ်သူ ကာတီယာအဗီရိုကလည်း ရော်နယ်ဒိုကို နှစ်သိမ့်တဲ့အနေနဲ့ သူတို့ မိသားစုရဲ့ ကြမ်းတမ်းလှတဲ့ ဘဝအကြောင်း တစေ့တစောင်းကို သူမရဲ့ တွစ်တာအကောင့်မှာ တင်ခဲ့ပါတယ်။

“ကျွန်မရဲ့ ကလေးတွေက ရုန်းကန်မှုတွေ၊ ဂုဏ်သိက္ခာတွေ၊ အောင်မြင်မှုတွေ၊ အလုပ်အကိုင်တွေ၊ ရည်မှန်းချက်အတွက် စွန့်လွှတ်မှုတွေ၊ အတားအဆီး အခက်အခဲတွေ၊ မနာလိုမှုတွေအတွက် လူသားတွေကြားက သူရဲဘောမကြောင်တဲ့ တုန့်ပြန်ရင်ဆိုင်မှုတွေက ဘာလဲလို့ မေးကြတယ်။ အောင်မြင်မှုတွေ၊ ရည်မှန်းချက်တွေ၊ ဆုကြေးတွေ၊ အရင်က မရှိခဲ့ဖူးတဲ့ မှတ်တမ်းမှတ်ရာတွေကို ပြောဖို့လည်း တောင်းဆိုကြတယ်။ ကျွန်မကတော့ ဒါတွေအားလုံးကို ခြုံငုံပြီး နားလည်နိုင်စေဖို့ ကျွန်မရဲ့မောင်၊ သူတို့ ဦးလေးရဲ့ အကြောင်းကို အိပ်ယာဝင် ပုံပြင်လေး တခုလို့ ပြောလိုက်တာပါပဲ။”

“ပုံပြင်ထဲက မင်သာလေးဟာ ပေါ်တူဂီနိုင်ငံရဲ့ မြို့်တော်နဲ့ အရမ်းဝေးကွာတဲ့နေရာ၊ သမုဒ္ဒရာအလယ်ပိုင်းက ရိုးရှင်တဲ့ အိမ်လေး တလုံးမှာ မွေးဖွားလာတဲ့သူလေးပေါ့။ သူနေထိုင်တဲ့ အိမ်လေးဟာ ဆိုရင် မိုးသည်းသည်းထန်ထန် ရွာတဲ့ အခါမျိုးမှာ မိုးရေတွေကို ခံဖို့ အိုးတွေ၊ ခွက်တွေ ဆင့်ပြီး ခံထားရတယ်။ ကြမ်းပြင်ဆိုရင်လည်း ပလပ်စတစ်နဲ့ ကာပြီး ခင်းထားရတယ်။ အစားအစာတွေကိုလည်း ထင်းနဲ့ပဲ ချက်ရတာ။ ရေပူချိုးချင်တယ်ဆိုရင်လည်း မီးမွှေးပြီးတည်မှ ရတာ။

သူ့မှာ ကိုယ်ပိုင် အိပ်ခန်းသီးသန့်မရှိသလို သူ့မောင်နှမ (၄) ယောက်ဟာ အခန်းတခုထဲမှာပဲ အတူတူ အိပ်စက်ကြရတယ်။ သူတို့ရဲ့ အိပ်ယာကလည်း အုတ်တွေကို စီပြီး အိပ်ယာလေး တခုဖြစ်အောင်သာ လုပ်ထားရတဲ့ နေရာလေးပေါ့။ သူ့ရဲ့ အဖေကတော့ စစ်ပြန်ကြီး တယောက်ပေါ့လေ။ ပင်လယ်ရပ်ခြားမှာ တိုက်ပွဲသွားဝင်ပြီး အိမ်ပြန်လာတဲ့သူ။ အမေကတော့ မိဘမဲ့တေယောက်၊ မိဘမဲ့ ဂေဟာကို စွန့်ပြီး သူမရဲ့ မိသားစုကို တည်ထောင်ခဲ့သူ။

ဒီလိုအခြေအနေမျိုးကနေ အင်ပါယာကြီး တခုကို သူတည်ဆောက်ခဲ့တယ်။ သူ့ရဲ့ စိတ်ဓာတ်သန်မာမှုတွေ သူ့ရဲ့ ကတိပြုမှု၊ ဖြည့်ဆည်းမှုတွေနဲ့ သူ့ကို တခြားသူတွေက ဝေဖန်ပြစ်တင်ပြီး ဖျက်ဆီးဖို့ လုပ်ကြတဲ့ အချိန်တွေမှာတောင် သူက ဘယ်တော့မှ အရှုံးမပေးတြ့သူပါ။

ဒါတွေက ရုပ်ရှင် ဇာတ်လမ်းလေး တခုဖြစ်နေတဲ့ ကျွန်မကလေးတွေရဲ့ ဦးလေးဖြစ်တဲ့ ရော်နယ်ဒိုရဲ့ တကယ့်ဘဝ ဇာတ်ကြောင်းမှန်၊ အစစ်အမှန်ပါပဲ။ ကျွန်မကတော့ သူ့ဘဝရဲ့ အစိတ်အပိုင်းလေး တခုဖြစ်ခဲ့လို့ ဘုရားသခင်ကို ကျေးဇူးတင်ရပါတယ်။ အရမ်းကို လှပတဲ့ ဘဝတခုပေါ့။ ဂုဏ်ယူရတယ်။ သူကတော့ ကျွန်မရဲ့ မောင်လေး ခရစ်စတီယာနို ရော်နယ်ဒိုပါပဲ။”

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page