ရွှေတိဂုံစေတီပေါ်မှာ ရှင်လောင်းလှည့်မည့်သူများ မဖြစ်မနေ လိုက်နာရမယ့် အချက် (၆) ချက်

ရွှေတိဂုံစေတီဆိုတာ မြန်မာပြည်သာမက ကမ္ဘာကပါ ရိုသေလေးမြတ် ဂရုထားကြတဲ့ အထင်ကရ စေတီတော်ကြီး ဖြစ်တာကြောင့် သမိုင်းကြောင်းအရ ရှေးဟောင်းအဆောက်အဦ အဖြစ်နှင့် သာမက တည်ဆောက်ပုံ အင်ဂျင်နီယာပိုင်းဆိုင်ရာ အချိုးကျနမှုမှာလည်း ပြောစရာ မရှိလောက်အောင် သပ္ပါယ်တင့်တယ် တာမလို့ ကမ္ဘာလှည့်ခရီးသည်တွေ တဖွဲဖွဲ ရောက်ရှိလေ့လာကြရတဲ့ မြန်မာပြည်ရဲ့ နံပါတ် ၁ နေရာတစ်ခု ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ မြန်မာတို့အနေနဲ့ကတော့ ပြောစရာ မလိုအောင် ကြည်ညိုကြတယ်ပေါ့။ ပွင့်တော်မူပြီးသော ဘုရားလေးဆူ၏ ဆံတော်နှင့် အသုံးအဆောင်များကို ဌာပနာ ထားတော့ တန်ခိုးကြီးဘုရားအဖြစ် ဦးထိပ်ထားကြတာက ပြောစရာမလိုအောင် အလေးအမြတ်ထား ကိုးကွယ်ကြပါသဗျ။

အဲဒီတော့ မြန်မာတို့ရဲ့ ထုံးစံက ဘာပဲ ကောင်းမှုကုသိုလ် လုပ်လုပ် ရွှေတိဂုံစေတီတော်ကြီးဆီကို အရင်ဆုံး ဦးတိုက်ကာ ပြုလုပ်ကြစမြဲပါပဲ။ ဟိုစဉ်ကတော့ ရွှေတိဂုံစေတီတော်ပေါ်မှာ အလှုလှည့် ရှင်ပြုနားသ ပြုလုပ်ကြရင် အိုးစည်ဒိုးပတ် အောင်စည် အောင်မောင်းတွေနဲ့ ဝင်းခင်းကာ လှည့်လည်ပြသကြတာ ခွင့်ပြုထားခဲ့ဖူးပါတယ်။

ကြာတော့ အခွင့်အရေး ယူလာတတ်သည့် လူ့မနောအရ အချို့တီးဝိုင်းတွေဟာ သည်အတိုင်း မတီးကြဘဲ လော်စပီကာ ဆောင်းဘောက်တွေ သုံးကာ လှည့်လည်လာကြတော့ နအဖလက်ထက်မှာပဲ ရင်ပြင်တော်ပေါ်ကို ဂေါပက ခွင့်ပြုချက်မပါဘဲ တီးဝိုင်းများ မတက်ရဆိုပြီး တားမြစ်လိုက်ရပါတယ်။

ရှင်ပြုနားသနှင့် အခြားဘာသာရေး ပွဲလမ်းသဘင်များဆိုင်ရာ အခန်းအနားများ ရင်‌ပြင်တော်ပေါ်သို့ လှည့်လည်မည်ဆိုလျှင် အတီးအမှုတ်များ လုံးဝမပါလာရ။ ဝတ်ရွတ်အသင်းများ ခေါ်ဆောင်လာပြီး ဘုရားကို ပတ်ကာ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများ မပြုရ။

ကဗျာလွတ်အကများ သရုပ်ဖော်အကများ လုံးဝ မကျင်းပရ။ အခမ်းအနားကျင်းပနေစဉ်နှင့် ကျင်းပအပြီးတွင် ငွေဖလားဖြင့် ပိုက်ဆံများ ရင်ပြင်တော်‌တစ်လျှောက် ကြဲချခြင်း ကြဲပက်ခြင်း လုံးဝမပြုလုပ်ရ။

ဗုဒ္ဓဘာသာ မြန်မာမှုနှင့် ဆန့်ကျင်သော အဝတ်အစားများကို ဝတ်ဆင် လှည့်လှည်ခြင်း မပြုလုပ်ရ။ အချိန်ကြာမြင့်စွာ ရင်ပြင်တော်ပေါ်၌ အခန်းအနား အကြောင်းပြကာ မနေစေရ။ စသည်တို့ကို ဘာသာရေး အကြောင်းပြကာ မြင့်မြတ်ဂုဏ်ကြီးသော ရွှေတိဂုံစေတီတော်ကြီး၏ မျက်မှောက်တွင် အဂါရဝများကို ဖြစ်ပေါ်နိုင်သဖြင့် ဂေါပကအဖွဲ့က တင်းကျပ်စွာ ထုတ်ပြန် တားမြစ်ထားပါသည်။ (ဥုးခန္တီ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page