ဝက်သားတုတ်ထိုးရဲ့ မူလအစ ရန်ကုန်ကလား၊ မန္တလေးကလား ဆိုတဲ့ မေးခွန်းရဲ့ အဖြေ

မြန်မာနိုင်ငံက ပြည်သူ အများအပြား နှစ်ခြိုက်စွဲလမ်းစွာ စားသုံးနေကြတဲ့ ဝက်သားတုတ်ထိုးရဲ့ မူလအစ ဇစ်မြစ် ဘယ်ကနေလာလဲ ဆိုတာ လူအတော်များများ မသိကြပါဘူး။

သေချာတာကတော့ ဝက်သားဖြစ်တဲ့အတွက် တရုတ်လူမျိုးတွေဆီကနေ လက်ဆင့်ကမ်း ဆင်းသက်လာတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ ဝက်သားတုတ်ထိုးကို ဘယ်နှခုနှှစ်က ဘယ်နေရာမှာ စတင်လူကြိုက်များခဲ့တယ်ဆိုတဲ့ မေးခွန်းကတော့ လူအများကြားမှာ ပဟေဠိသဖွယ် ဖြစ်နေပါတယ်။

ဝက်သားတုတ်ထိုးနဲ့ ပတ်သက်ပြီး အစောဆုံး တွေ့ရှိရတဲ့ မှတ်တမ်းတခုကတော့ ၁၉၄၁ ခုနှစ်က ဦးဘဂျမ်း ရေးခဲ့တဲ့ ကာတွန်းတပုဒ်မှာ ပါဝင်ခဲ့ပါတယ်။ “လှီးလိုက်စမ်းဟေ့ အူမကြီးတပဲဘိုး” လို့ ပါရှိတဲ့ ဒီကာတွန်းမှာ ခေါင်းပေါင်းနဲ့ မြန်မာအမျိုးသားက တရုတ်စျေးသည်ဆီမှာ ဝက်သားတုတ်ထိုး ဝယ်စားနေတဲ့ ကာတွန်း ဖြစ်ပါတယ်။

အချက်အလက်တွေကို ဆက်စပ် စဉ်းစားကြည့်မယ်ဆိုရင် ကုန်းဘောင်ခေတ် နောက်ဆုံး မင်းဆက် သီပေါမင်းဟာ ဝက်သားဟင်းကို အလွန်ကြိုက်နှစ်သက်တာကြောင့် ဝက်သားဟင်းလျာတွေကို တော်ဝင်ဟင်းလျာတွေ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဲဒါကြောင့် ကုန်းဘောင်ခေတ်မှာ ဝက်သားဟင်းဟာ မင်းစိုးရာဇာတွေနဲ့ သူဌေးသူကြွယ်တွေသာ အများဆုံးစားနိုင်ပြီး သာမန်လူတွေအနေနဲ့ အမြဲစားနိုင်ဖို့ ခက်ခဲမယ်လို့ မှန်းဆနိုင်ပါတယ်။

ရန်ကုန်မှာတော့ တရုတ်ကုန်သည်တွေနဲ့အတူ ပါလာတဲ့ ဝက်သားတုတ်ထိုး အစားအစာဟာ မန္တလေးထက် ပိုစောလျင်ပြီး လူတွေကြားထဲ ရောက်ခဲ့နိုင်တယ်လို့ မှန်းဆရပါတယ်။ ဒေသအလိုက် ဝက်သားတုတ်ထိုး လုပ်နည်း အမျိုးမျိုး ရှိတဲ့ အထဲမှာ ရန်ကုန်နဲ့ မန္တလေးကတော့ ပြုလုပ်နည်းနဲ့ တည်ခင်းနည်း အနည်းငယ် ကွဲပြားပါတယ်။

ရန်ကုန်ဝက်သားတုတ်ထိုးဟာ အရည်သောက်ပေးလေ့ မရှိဘဲ တုတ်ထိုးထားတဲ့ ဝက်သားနဲ့ ဝက်သားကလီစာတွေကို မီးဖိုပေါ်က ဟင်းရည်အိုးထဲကို နှစ်ပြီး အချည်နဲ့တို့စားရတာ ဖြစ်ပါတယ်။ မန္တလေး ဝက်သားတုတ်ထိုးကတော့ ကိုယ်ကြိုက်နှစ်သက်ရာ အစိတ်အပိုင်းကို ပွဲနဲ့ မှာရတာ ဖြစ်ပြီး ပန်းကန်နဲ့ ထည့်ပေးတာ ဖြစ်ပါတယ်။ အရည်သောက် သီးသန့် ပေးလေ့ ရှိပါတယ်။

ယခုနောက်ပိုင်းမှာတော့ ရန်ကုန်ဝက်သားတုတ်ထိုးတွေမှာလည်း အရည်သောက်ပေးတဲ့ အလေ့အထ ခေတ်စားလာပါတယ်။ အဲဒါကြောင့် စားသုံးသူအချို့ကတော့ အရည်သောက် ပေးတာက မန္တလေးစတိုင်၊ တုတ်နဲ့ စားရတာက ရန်ကုန်စတိုင်လို့ ခွဲခြား သတ်မှတ်ထားကြပါတယ်။ ရန်ကုန်ဝက်သားတုတ်ထိုးကတော့ ပဲငံပြာရည် အသုံးများလို့ ညိုတဲ့အရောင် ပိုများပြီး မန္တလေး ဝက်သားတုတ်ထိုးကတော့ အနည်းငယ်နီတဲ့ အနေအထားမှာ ရှိနေပါတယ်။

ရန်ကုန်မြို့ဟာ လူမျိုးပေါင်းစုံ နေထိုင်တဲ့အတွက်ကြောင့် အစားအစာတွေလည်း မျိုးစုံ ရှိသလို ခေတ်အလိုက် လူကြိုက်များတဲ့ စားစရာတွေ ပေါ်ပေါက်လေ့ ရှိပါတယ်။ ဝက်သားတုတ်ထိုး၊ ဒံပေါက်၊ ဖာလူဒါ၊ ကြေးအိုး၊ မာလာရှမ်းကော စတဲ့ အစားအစာတွေဟာ မြန်မာ့ရိုးရာမဟုတ်ဘဲ မြန်မာတွေ အကြိုက်တွေ့ကြတဲ့ အစားအစာတွေ အဖြစ် မှတ်တမ်းဝင်ထားပါတယ်။

နိဂုံးချုပ်ရရင်တော့ ယနေ့ ပြည်သူတွေ အများအပြား စားသုံးနေကြတဲ့ ဝက်သားတုတ်ထိုးရဲ့ မူလအစ ဇစ်မြစ်ကတော့ ရန်ကုန်ကပဲ ဖြစ်နိုင်ပါတယ်။ မှတ်တမ်းမှတ်ရာတွေ အားနည်းလေ့ ရှိတဲ့ မြန်မာနိုင်ငံမှာ အကြောင်းအရာ တခုရဲ့ သမိုင်းကြောင်းကို ပြန်လည်ရှာဖွေဖို့ ခဲယဉ်းလှပါတယ်။ စာဖတ်သူများအနေနဲ့ ဝက်သားတုတ်ထိုးရဲ့ မူလဇစ်မြစ်နဲ့ ပတ်သက်ပြီး သိရှိခဲ့ရင်လည်း မှတ်ချက်တွေ ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page