၁၄၄ သိန်းတန် ဖျော်ဖြေရေးအရုပ်ကို ကန်တော့ရမယ့် အဖြစ်နဲ့ အရည်းကြီးသာသနာ ရောက်တော့မှာလား

လတ်တလော အွန်လိုင်းပေါ်မှာ လူပြောများပြီး အငြင်းအခုံ ဖြစ်နေတဲ့ ကိစ္စကတော့ ဖျော်ဖြေရေး အရုပ်တွေကို မယ်တော်အရုပ်ဆိုပြီး ပူဇော်နေကြတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် အထက်ဂိုဏ်းချုပ်လို့ဆိုသူတဦးက ဖျော်ဖြေရေးအရုပ်တွေကို အွန်လိုင်းကနေ မှာယူပြီး မြန်မာ့ရိုးရာ အဝတ်အစားများ ဝတ်ဆင်ပေးကာ မယ်တော်တွေကို ပူဇော်ကြမယ်လို့ ပို့စ်တင်ခဲ့တာကြောင့် လူမှုကွန်ရက် အသုံးပြုသူများက ဝေဖန်ကြရာမှ တဆင့် လူပြောများနေကြတာပဲ ဖြစ်ပါတယ်။

အဆိုပါ ဖျော်ဖြေရေး အရုပ် တရုပ်ကို ဒေါ်လာ ၂၄၀၀ ပေးရတယ်လို့ သိရပါတယ်။ အဆိုပါပမာဏဟာ မြန်မာကျပ်ငွေ ၇၂ သိန်းခန့် ရှိတာ ဖြစ်ပါတယ်။ လူမှုကွန်ရက် အသုံးပြုသူ အများအပြားကတော့ ဖျော်ဖြေရေးအရုပ်များကို ကိုးကွယ်ရာ ပစ္စည်းအဖြစ် ထားရှိခြင်းအပေါ် အပြင်းအထန် ဝေဖန်နေကြပြီး ယုံကြည်သူတချို့ကတော့ နက်နက်နဲနဲ ယုံကြည်နေတာကိုလည်း တွေ့ရပါတယ်။

ယခုဖြစ်စဉ်ကို တွေ့ရပြီးတဲ့နောက် ၂၀၁၆ ခုနှစ်က အင်ဒိုနီးရှားမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တခုကို ပြန်မှတ်မိလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ ကျွန်းကလေးပေါ်မှာရှိတဲ့ တံငါရွာလေးမှာ ဖြစ်သွားတာပါ။ အဲဒီရွာက တံငါသည်တယောက်ဟာ ပင်လယ်ထဲ မျောလာတဲ့ ဖျော်ဖြေရေး အရုပ်ကို မိုးပေါ်က ကျလာတဲ့ နတ်သမီးလို့ ထင်ပြီး ရွာသို့ယူလာကာ အဝတ်အစားဆင်ပေးပြီး ကိုးကွယ်ထားကြတဲ့ ဖြစ်စဉ်ပါပဲ။ (အင်ဒိုငါးဖမ်းသမားများ ဆယ်ယူလာတဲ့ အရုပ်ရဲ့ ပုံများကို ဖော်ပြထားပါတယ်)

အဲဒီသတင်းဟာ ကမ္ဘာ့သတင်းတွေမှာ ဟိုးတလေးတကျော် ဖြစ်ခဲ့ပြီး အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဝင်ရောက် ဖြေရှင်းမှသာ အဲဒီလို တလွဲ ကိုးကွယ်မှု အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။ အင်ဒိုတံငါရွာလေးဟာ အသိအမြင် ဗဟုသုတ နည်းပါးလို့ ဖြစ်ခဲ့တာကို အပြစ်မဆိုသာပေမယ့် ယခု မယ်တော်အရုပ်တွေ ဖြစ်စဉ်မှာတော့ ဘယ်ရှုထောင့်က ကြည့်သည်ဖြစ်စေ အရုပ်ဆိုး အကျည်းတန်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

ယခင်ခေတ် ၁၉၉၀ ဝန်းကျင်လို မီဒီယာနဲ့ ပညာပေး အစီအစဉ်တွေ မဖွံ့ဖြိုးသေးတဲ့ ကာလမှာ ဒီလိုဖြစ်ရပ်မျိုး ဖြစ်လေ့ ရှိတာ မထူးဆန်းပေမယ့် ယခုလို လူတိုင်း အင်တာနက်အသုံးပြုနိုင်တဲ့ ခေတ်မျိုးမှာ ယုံကြည်သူတွေ ရှိနေကြသေးတယ်ဆိုတာ အတော် အံ့ဩစရာ ကောင်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

လူမှုကွန်ရက်သုံးစွဲသူတွေကလည်း မယ်တော်ရုပ်တုကို ပန်းပု၊ ပလာစတာ၊ ဖယောင်းရုပ် စသဖြင့် ရုပ်တု အမျိုးအစား အမျိုးမျိုး လုပ်ရင် ဈေးသက်သာပြီး လိုချင်တဲ့ ပုံစံရရဲ့သားနဲ့ ယခုလို ဖျော်ဖြေရေးအရုပ်တွေနဲ့ ပြုလုပ်တာ မသင့်တော်တဲ့ အကြောင်း ဝေဖန်နေကြပါတယ်။

အမှန်တကယ် အထက်လမ်းဂိုဏ်းဝင်များကလည်း အထက်လမ်းဆိုတာ ဗုဒ္ဓဘုရားရဲ့ တရားတော်တွေကို အခြေခံတဲ့ လမ်းစဉ်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မအက်စပ်တဲ့ ကိစ္စတွေ လုပ်ပြတာဟာ စတန့်ထွင်တာ သက်သက် ဖြစ်ကြောင်း ဝေဖန်နေကြပါတယ်။

မြန်မာပြည်ရဲ့ ကိုးကွယ်ယုံကြည်မှုဟာ ယခုနောက်ပိုင်း အရောအနှောတွေ ပိုမို များပြားလာပါပြီ။ သံသရာက လွတ်မြောက်ဖို့ဆိုတဲ့ ဗုဒ္ဓရဲ့ အဆုံးအမဟာ တဖြည်းဖြည်း မှေးမှိန်လာပြီး လက်ရှိဘဝမှာ ဥစ္စာစည်းစိမ် ချမ်းသာပြည့်စုံဖို့ကို ပိုမိုအလေးထားလာတဲ့ ကိုးကွယ်မှုအဖြစ် ပြောင်းလဲလာနေပါတယ်။ ထူးဆန်းတဲ့ ရုပ်တု၊ ပစ္စည်းတွေကို ကိုးကွယ်ရင် လာဘ်လာဘ ပြည့်စုံမယ်၊ စည်းစိမ်ချမ်းသာမယ်ဆိုတဲ့ အဝိဇ္ဇာ ဖုံးလွှမ်းနေတဲ့ ကိုးကွယ် ယုံကြည်မှုတွေ အားကောင်းလာပါတယ်။ တနည်းအားဖြင့် ပြောရရင် ပုဂံခေတ်က အရည်းကြီးတွေရဲ့ ကိုးကွယ်ယုံကြည်မှု ဖြစ်တဲ့ ရုပ်တု၊ အဆောင်၊ အင်းအိုင်၊ လက်ဖွဲ့တွေ တဖန် ပြန်ခေတ်စားလာတာပဲ ဖြစ်ပါတယ်။

လတ်တလော မြန်မာပြည်မှာ လူတယောက် ယောင်ရင် နောက်က လိုက်ယောင်တဲ့ ကိစ္စဟာ အခြေအနေအတော်ဆိုးနေပြီ ဖြစ်ပါတယ်။ ကောင်းတဲ့ ကိစ္စတွေကိုတော့ လိုက်မလုပ်ဘဲ၊ ယခုလို အကျည်းတန်တဲ့ ကိစ္စတွေကို အားပေးနေတာကတော့ မြန်မာပြည်သူတချို့ရဲ့ ပညာရေးရေချိန်ကို ဖော်ပြနေသလို ဖြစ်နေပါတယ်။

စိတ်ချမ်းသာဖို့ အလေးမထားဘဲ ဥစ္စာချမ်းသာဖို့ကို အဓိကထားလာတာကြောင့် ကိုးကွယ်ယုံကြည်မှု အပေါ်မှာ လုပ်စားနေသူတွေ ပိုအကြိုက်တွေ့လာပြီး ယခုလို မထော်မနန်း ကိစ္စရပ်တွေ ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။ လူတဦးတယောက်ချင်းရဲ့ ယုံကြည်ကိုးကွယ်မှုကို အပြစ်မပြောလိုပေမယ့်လည်း ယခုကဲ့သို့ မသင့်တော် မအပ်စပ်တဲ့ ကိစ္စမျိုးတွေကို လူမှုကွန်ရက်လို လူအများအပြား ရှိနေတဲ့ နေရာမှာ ဖြန့်ဝေနေတာဟာလည်း မှားယွင်းနေတဲ့ကိစ္စ တခုပါပဲ။ မြန်မာပြည်ရဲ့ ကိုးကွယ်ယုံကြည်မှုဟာ အရည်းကြီး သာသနာလို ဖြစ်လာတော့မှာလားဆိုတာကို ရင်လေးစွာဖြင့် စောင့်ကြည့်ရင်း…

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page