ဓနုဖြူ ပြည်လုံးချမ်းသာစေတီတော်ဝန်းထဲက ထူးဆန်းတဲ့ ရတနာဘူး နောက်ကွယ်က အကြောင်းရင်း

ဧရာဝတီတိုင်း​ဒေသကြီး၊ ဓနုဖြူမြို့မှာ ပတ္တမြားစေတီတည်ထားကာ ဌာပနာတော်များစုဆောင်းနေချိန်မှာ ရတနာပစ္စည်းများနှင့် ရှေးဟောင်းဒင်္ဂါးပြားများ ပါရှိသည့် ဘူးတစ်ဘူးကို ထူးဆန်းစွာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ပတ္တမြားစေတီကို ဓနုဖြူမြို့ရှိ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးဘုရားဝန်း၊ အင်္ဂါထောင့်၌ တည်ထားနေချိန်မှာ အဆိုပါ အဖိုးတန် ရတနာပစ္စည်းများကို တွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

“ပတ္တမြားစေတီတည်ဖို့က ပန္နက်တင်ပြီးသွားပြီ။ ဖောင်ဒေးရှင်း စနေပြီ။ ဌာပနာတော်အတွက်လည်း ရသင့်သလောက်ရပြီ။ ဂေါပကအဖွဲ့က ဓါတ်တော်၊ ဌာပနာတော်တွေ ထပ်ပြီး စုနေချိန်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဂေါပကရုံးထဲမှာရှိတဲ့ ပစ္စည်းထည့်တဲ့ စတိုနေရာကနေ ရတနာတွေထည့်ထားတဲ့ဘူးကို ထူးဆန်းစွာတွေ့ခဲ့တာပါ။

စတိုက အုတ်နဲ့ပတ်လည်ကာထားပြီး ရှေ့မှာတံခါးပေါက်လေးရှိတယ်။ စာရေးမက ငှက်ပျောသီးသွားယူရင်း အဲဒီစတိုအပေါက်ဝနားမှာ တိပ်ပတ်ထားတဲ့ ဖူဂျီဘူးကို တွေ့ခဲ့တာပါ။ ဘာဗူးလဲမသိဘူးဆိုပြီး စာရေးမက ဂေါပကဥက္ကဋ္ဌကို အပ်ခဲ့တယ်။ အဲဒီနောက် ဖွင့်ကြည့်လိုက်တော့ ရတနာပစ္စည်းတွေဖြစ်နေတာ သိခဲ့ကြတာပါ။ အဲဒီနေရာက သူစိမ်းတွေဝင်လေ့ရှိတဲ့နေရာမဟုတ်ဘူး။ ဝင်ထွက်လေ့ရှိတဲ့သူတွေကလည်း အခုလိုထားထားတာမျိုးမရှိဘူး။ ဘယ်သူဘယ်ဝါ လာထားမှန်းမသိဘဲ အခုလိုပစ္စည်းတွေ ရုတ်တရက်တွေ့ခဲ့တာပါ”ဟု အဆိုပါဖြစ်စဉ်အား သိရှိသူ ဦးဇော်မိုးက ဖြေကြားပါတယ်။

“ဘူးထဲမှာ ပတ္တမြား၊ ဥဿဖရား၊ မဟူရာ၊ ကျောက်စိမ်း၊ ပုလဲ ရတနာပစ္စည်းတွေ တွေ့ရပါတယ်။ စိန်လည်းပါတယ်။ အဲဒီရတနာတွေအပြင် သက္ကရာဇ် ၁၈၀၀ ဝန်းကျင် သက္ကရာဇ် ၁၉၀၀ ဝန်းကျင် ငွေဒင်္ဂါးပြားတွေလည်း တွေ့ရပါတယ်။ လောလောဆယ်တော့ ဘုရားမီးခံသေတ္တာမှာ သေချာထိန်းသိမ်းထားကြပါတယ်။ မှတ်တမ်းဓါတ်ပုံတွေ ရိုက်ထားတယ်။ အများကြည်ညိုနိုင်ဖို့ အပြင်မှာ ပုံတွေ ထားရှိထားပါတယ်။ ဘုရားဌာပနာပိတ်ချိန်ရောက်ရင်တော့ အဲဒီပစ္စည်းတွေကို ထည့်ပြီး ဌာပနာသွားဖို့ရှိပါတယ်” လို့ သိရပါတယ်။

ယင်းဖြစ်စဉ်မျိုး ကိုဗစ်တတိယလှိုင်းကာလကလည်း ကြုံတွေ့ခဲ့ဖူးပြီး ထိုစဉ်က ငွေစေတီတည်ထားချိန် ကျောက်စာတိုက်ဘောင်ပေါ်၌ စတီးလင်ဗန်းနှင့် ဓါတ်တော်များ တွေ့ရှိခဲ့သဖြင့် ထည့်သွင်းဌာပနာခဲ့ဖူး​ကြောင်း သိရပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်အသုံးပြုသူများအကြား ထင်ကြေးပေးမှုအများအပြား ဖြစ်ပေါ်နေပါတယ်။ တချို့က ဥစ္စာစောင့်များက လာရောက် ထားရှိသွားတယ်လို့ ထင်ကြေးပေးနေကြသလို တချို့ကလည်း နာမည်ဖော်ပြီး လှူပါက လုယက်ခံရမှာ စိုးရိမ်တာကြောင့် အမည်မဖော်ဘဲ လှူတာ ဖြစ်နိုင်တယ်လို့ ပြောနေကြပါတယ်။

တချို့ကတော့ ယခုလာရောက် လှူဒါန်းတဲ့ ပစ္စည်းတွေဟာ ယခင်ဘုရားတဆူရဲ့ ဌာပနတွေ ဖြစ်နိုင်ကြောင်း၊ ပိုင်ဆိုင်သူက လက်ထဲ မထားရဲတာကြောင့် ဘုရားဌာပနာသွင်းမယ့်အထဲကို အမည်မဖော်ဘဲ လာရောက် ထားသွားတာ ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးနေကြပါတယ်။ နတ်တွေက လာထားရင်တော့ ဖူဂျီဆပ်ပြာမှုန့်ဘူးနဲ့တော့ လာမထားနိုင်ကြောင်းလည်း မှတ်ချက်ပေးနေကြပါတယ်။ ဘာပဲဖြစ်ဖြစ် မည်သူမှ မဝင်နိုင်တဲ့ နေရာမှာ တန်ဖိုးကြီးပစ္စည်းတွေကို မည်သူမျှ မသိအောင် လာထားသွားတာကတော့ အလွန်ထူးဆန်းတဲ့ အဖြစ်အပျက် အဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page