ကုန်ဈေးနှုန်း မိုးထိနေချိန်မှာ အိမ်ရှင်မတွေ မဖြစ်မနေသိထားသင့်တဲ့ မြန်ကောင်းသက်သာ ဈေးဝယ်နည်း

အိမ်ရှင်မတွေ ဈေးဝယ်နည်းလေး ပြောပြမယ်နော်။ အဓိက ကိုယ့်အိမ်သားတွေက အသားပိုကြိုက်လား ငါးပိုကြိုက်လားရွေးပါ။ ဝယ်တဲ့အခါ အသားကြိုက်သူဆို အမဲသား ဆိတ်သားဆို ပိဿာနဲ့ဝယ်ပြီး သူတို့ကိုမတုံးခိုင်းဘဲ ကိုယ့်ဘာသာ လှီးပါ။ တွက်ချက်ပြီး လှီးပါ။

အိမ်က လူလေးယောက်ဆို တစ်ခါစား နှစ်တုံးတော့ အနည်းဆုံးစားမယ်။ အဲ့တော့ တစ်ရက်စာချက်မယ်ဆို ၁၆ တုံးဆိုဒ်က ကိုယ်က ချိန်လှီးတတ်ရမယ်။ အသားဟင်းကြိုက်သူတွေကို ဟင်းစား သက်သာချင်ရင် မုန်လာဥနဲ့တစ်ရက်ရောချက်၊ နောက်တစ်ခါကျရင် အာလူးလေးနဲ့ချက်၊ နောက်တစ်ခါကျရင် ငရုတ်ပွတို့ ကြက်သွန်တို့ရောပြီးကြော်၊ ကုန်းဘောင်ကို အသီးနှံလေး ထည့်ပြီးကြော်ပေးရင်ဟင်းပွါးတယ်။

ကြက်သားဆိုလည်း ဘူးသီးလေးနဲ့ကျ အရိုးပိုင်းလေးချက်။ အဲ့ရက်ကျ ငပိထောင်းလေးတွဲလိုက်။ ညကို အသားမလောက်ရင် အရည်ကို ရေထိုးလိုက်၊ အပေါ့ငံပြန်ချိန်လိုက် ကြက်ဥထပ်ကြော်ပေးလိုက်ပါ။ အသားပိုင်းကျ အာလူးလေးနဲ့ချက် ပဲဟင်းချိုလေးချက် အညာထောင်းလေးထောင်းပါ။

ကြက်ကို သေးသေးလေးတွေ လှီးပြီး ချဉ်စပ်ကြော် အသီးရွက်လေးတွေရောပြီး တောက်တောက်ကြော် ချိုချဉ်ကြော်တို့ လုပ်ကျွေးပါ။ ငါးဖယ်ဝယ်ရင် အရိုးလေးအဆစ်တောင်း အရေပြားလေးအဆစ်တောင်း အရေပြားကို အချိုမှုန့်နယ်ပြီး တနေလှမ်းပြီး ကြော် အရမ်းစားကောင်းတယ်။ အဆာပြေကျွေးလို့ရတယ်။

အရိုးလေးက ငပိမစားသူဆို ငါးဖျော်ရည်လုပ်။ အရိုးကိုပြုတ်ပြီး ဘူးသီးနဲ့ဟင်းခါးလေးချက်၊ အရိုးကို ပြုတ်ပြီး ညနေစာ ရခိုင်မုန့်တီလေးပါ ချက်ပေးလို့ရပါတယ်။ ငါးဖယ်ဆိုရင်လည်း ကိုယ်ရှေ့ခြစ်နေတာယူပါ။ ထပ်ထားပြီး ဖဲ့ပေးရင်မဝယ်ပါနဲ့ အောက်မှာ ငါးခြစ်တွေထားပြီး အပေါ်က ငါးဖယ်လေးခြစ်တာတင် ပြီးရောထည့်တာပါ

ငါးဖယ်ကြော်ရင် ထူထူကြော်ပါ ပါးရင်စားမကောင်းပါ တစ်ဆယ်သားဆို အလုံးသေးသေးလေးတွေလုပ် ပြီး ၁၆ လုံးလောက် ရရအောင်လုံးပါ လူကြီးတွေဆို တစ်ခါစားနှစ်လုံးဆိုမှ ရမယ်။ ခရမ်းချဉ်သီးများများလေးနဲ့ နံနံပင်ငရုတ်စိမ်းအုပ်ပြီး အစိမ်းချက်ကြည့်ပါ။ သိပ်စားကောင်းပါတယ်။

ငါးဖယ်ရိုးပြုတ်ရည်နဲ့ ဘူးသီးဟင်းခါးချက်လေးနဲ့ တွဲစားပါ။ လိုအပ်ရင် ငပိလေးထောင်းလိုက်ပါ။ တစ်ရက်စာ လုံလောက်ပါတယ်။ အကူအနေနဲ့က ကြက်ဥ မပြတ်ဆောင်ပါ။ ညကို ဟင်းမလောက်ခဲ့ရင် ကြက်ဥလေးကောက်ကြော်ပေးလိုက်ပါ။ တခြား အသားငါးထပ်မချက်ပါနဲ့။

အသီးအရွက်က ခံမှာမျိုးတွေရွေးဝယ်ထားပါ။ အရွက်တွေကတော့ စားမဲ့ရက်မှဝယ်ကြော်ပါ။ ငပိကြိုက်သူတွေ ဆိုရင်တော့ ငပိရည်လေး မပြတ်ထားပါ။ ချဉ်ပေါင်ရွက်ဆို တစ်ခါထဲများများဝယ်ပါ။ ဝယ်လာတဲ့နေ့မှာဘဲ တခါထဲခြွေပြီး ရေစင်အောင် အထပ်ထပ်ဆေးပြီးရင် မီးဖိုပေါ်တင်ပြီး အိအောင်မွှေထားပါ။

ရရင်ဘူးလေးတွေနဲ့ ခွဲသိမ်းပါ။ ဟင်းချိုအရည်ချက်ချင်ရင် ရေနွေးထဲပစ်ထည့် ဒါမှမဟုတ် ငါးပြုတ်ရေလေးထဲထည့်ပြီး ဆူရင် ကြက်သွန်ဖြူ ငရုတ်စိမ်းလေး ရိုက်ထည့်ပြီး အလွယ်တကူအရည်သောက်လေးလုပ်ပေးလို့ရတယ်။ အချဉ်ဟင်းချက်မဲ့ရက်လည်း ထုတ်ချက်လို့ရတယ်။ ကြော်စားမယ်ဆိုလည်း ဆီလေးသတ်ပီး ထည့်မွှေယုံဘဲ။

ချဉ်ပေါင်အရည်သုံးတဲ့ရက်ဆို ကြက်ဥကြော် ငပိရည်လေးဘဲတွဲလိုက်ရင်ရပြီ။ ငါးခြောက်ကြိုက်ကြတယ်ဆိုရင်လည်း ဝယ်ထားပါ။ အချဉ်ရည်ချက်တဲ့ရက် ငါးခြောက်ကြော်လေးရယ်၊ ငရုတ်သီးခြောက်ကြွပ်ကြွပ်ကြော်လေးရယ်တွဲပေးရင်လည်း ရပြီ။

ဟင်းက အစပ်အဟပ်တည့်အောင်ချက်ဖို့လိုတယ် အစပ်ဟပ်မတည့်ရင် ဆယ်မျိုးလောက် အသားငါးချက်လည်းစားမ‌ကောင်းဘူး။ ငါးခြောက်အရိုးလေးကျ ကြက်ဥအာလူးလေးနဲ့ ချက်၊ အဲ့ရက်ကျ ငံပြာရည်ဆီသတ် မဟုတ်ရင် ငံပြာရည်ချက်လေးတွဲပေး။ ငါးခြောက်ရိုးကို ခရမ်းချဉ်သီးများများနဲ့ ချဉ်စပ်လေးချက် တို့စရာလေးတွဲ ကန်စွန်းရွက်ကြော် ကြက်ဥကြော်ဆို စားကောင်းပြီ။

ငါးဆိုလည်း ၅၀ သားလောက်ဝယ်ပြီးတုံးခိုင်းတဲ့အခါ တစ်ခြမ်းကိုချက်တုံး တခြမ်းကို အ‌ကြော်တုံးတုံးခိုင်းပါ ငါးကြော်လေးကို ကြော်ပြီး ငရုတ်သီး ကြက်သွန်ဖြူ ဒါးပြားရိုက်လေးနဲ့ ပြန်ကြော်ပီးနှပ် အချဉ်ဟင်းလေးတစ်ခွက်တွဲယုံနဲ့ စားကောင်းပြီ။ ငါးဟင်းချက်မယ့်ရက်လည်း ငပိ‌ရည်လေးတွဲ အရွက်ကြော်လေးတစ်ခုနဲ့ဆို စားမြိန်ပါပြီ။ အားလုံးအဆင်‌ပြေကြပါစေရှင့်။ (Thandar Thet Win)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page