ရန်ကုန်မြို့မှာ ထူးဆန်းစွာ ပျောက်ဆုံးသွားတဲ့ ညားကာစ လင်မယားရဲ့ နောက်ဆုံးရ သတင်း
ရန်ကုန်မြို့မှာ ထူးဆန်းစွာ ပျောက်ဆုံးသွားတဲ့ ညားကာစ လင်မယားရဲ့ နောက်ဆုံးရသတင်းကို ဖော်ပြလိုက်ပါတယ်။ ဆယ်ကျော်သက် ဇနီးမောင်နှံ ၂ ဦးမှာ အသက် (၁၉) နှစ်အရွယ် မောင်ထက်အာကာထွန်း (ခ) ဒေါ်လာနဲ့ အသက် (၁၈) နှစ်အရွယ် မမြတ်သိမ်မွေ့ထွန်း (ခ) ဂျူးဂျူးတို့ ဖြစ်ပါတယ်။
လူပျောက်မှု ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၇ ရက် နေ့လယ် ၁၂ နာရီအချိန်က မြောက်ဥက္ကလာပမြို့နယ်ရှိ မမြတ်သိမ်မွေ့ထွန်း (ခ) ဂျူးဂျူးရဲ့ မိဘနေအိမ်ကို အလည်သွားဖို့ လှိုင်သာယာမီးခွက်ဈေးအနီးရှိ လမ်းသွားလမ်းလာ တက္ကစီတစ်စီးကိုငှားစီးခဲ့ရာ
နေ့လယ် ၂ နာရီ ဝန်းကျင်ခန့်မှာ မြောက်ဥက္ကလာပ (ဃ) ဈေးအနီးသို့ ရောက်နေပြီ၊ မိဘနေအိမ်သို့ ရောက်ခါနီးပြီဖြစ်ကြောင်း မိဘထံသို့ဖုန်းနဲ့ ဆက်သွယ်အကြောင်းကြားခဲ့သော်လည်း အိမ်သို့ရောက်ရှိလာခြင်းမရှိပဲ ထိုအချိန်မှစပြီး အဆက်အသွယ်ပြတ်ကာ သတင်းအစအနပျောက်ဆုံးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ဖော်ပြထားပါတယ်။
မြောက်ဥက္ကလာပမှာ လူငယ်ဇနီးမောင်နှံနှစ်ဦး အိမ်နဲ့အဆက်အသွယ်ပြတ်ပြီး ၂ ရက်ကျော်ကြာ သတင်းအစအန ပျောက်နေတဲ့အတွက် တွေ့ရှိရင် ဆက်သွယ်အကူအညီပေးကြဖို့ မြောက်ဥက္ကလာပမြို့နယ် ဖေ့စ်ဘွတ်ဂရုများမှာ ဆက်သွယ်ရမယ့်ဖုန်းနံပတ်နဲ့တကွ လူပျောက်ကြော်ငြာ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ လင်မယားနှစ်ဦးကို မှော်ဘီဖက်မှာ ပြန်လည်တွေ့ရှိခဲ့ပြီး မိဘတွေနဲ့ အဆက်အသွယ် ရရှိခဲ့ပြီလို့ သိရပါတယ်။ ခေတ်ကာလ မကောင်းတဲ့အချိန်မှာ မိဘ၊ ဆွေမျိုး၊ အပေါင်းအသင်း မိတ်ဆွေတွေနဲ့ အဆက်အသွယ် မပြတ်စေဖို့ အလွန်အရေးကြီးပါကြောင်း ဖော်ပြလိုက်ရပါတယ် ခင်ဗျာ။