မန္တလေးက လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုယ်တိုင် ဝန်ခံလိုက်တဲ့ ထပ်တရာနဲ့ ပလာတာ တူတဲ့အကြောင်း

မန္တလေးကိုချစ်တဲ့အကြောင်း အရင်ပြောပါရစေနော်။ အခုကစပြောမှာက ထပ်တရာနဲ့ပလာတာ အကြောင်းပါ ခင်ဗျာ။ ကျနော် မန္တလေးမှာ ထပ်တရာဆိုတာ ပလာတာနဲ့ တူမတူ လေ့လာဖြစ်ခဲ့တယ်။ အဖြေက ဆိုင်တွေအရအတူတူပဲလို့ ပြောလို့ရသလို မတူဘူးလို့လဲ ပြောလို့ရပါတယ်။

တင်ထားတဲ့ပုံ ၂ ခုက မန္တလေးအခေါ် ထပ်တရာ၊ ရန်ကုန်အခေါ် ပလာတာ ၂ မျိုးပါ။ ပထမပုံက ရွှေကောင်းမြတ်ကဖေးက ထပ်တရာ (ခေါ်) ပလာတာပါ။ ဒုတိယပုံက ကရဝိတ်က ထပ်တရာပါ(ဆီခြောက်)။ ၂ ဆိုင်လုံးက ထပ်တရာမှာရင် ပဲနဲ့ရော သကြားနဲ့ပါ ရပါတယ်။ (တချို့ဆိုင်တွေ အာလူးဟင်းနဲ့ပါ ရောင်းတယ်လို့ သိခဲ့ရပါတယ်)

ကျနော် သူတို့ လုပ်ပုံကိုင်ပုံကို သွားကြည့်တော့ ရန်ကုန်က ပလာတာနဲ့ မကွာပါဘူး။ သူတို့ကလည်း ဒါဟာ ပလာတာပါပဲ။ အခေါ်အဝေါ်ကွာသွားတာပါလို့ ပြောပြပါတယ်။ ဒီ ၂ ဆိုင်လုံးက အိန္ဒိယနွယ်ဖွား ဟာလာ ဆိုင်တွေပါပဲ။

ကျနော်အပါအဝင် တကမ္ဘာလုံးက ပလာတာ/ Parata / Roti လို့ခေါ်ပေမယ့် ဒီချစ်စရာမြို့လေးက ထပ်တရာခေါ်နေလို့လည်း အချစ်တွေမလျော့ပါဘူး။ ဂျုံကို အပြားကြီးရိုက်ပြီးမှ ခြင်ဆေးခွေလို အခွေလေးဖြစ်အောင် ဖိလိပ်ပြီးကြော်တာ မတွေ့ရပါဘူး။ အပြားကြီး ပါးပါးလေး ဖြစ်အောင် ရိုက်ပြီး အောက်ခြေကနေ အပေါ်အထိဒေါင်လိုက် ခပ်သေးသေးလိပ်တက်သွားပြီး အရှည်လိုက်အနေအထားရမှ အလျားလိုက် ပြန်လိပ်တာပဲတွေ့ရပါတယ်။

ရန်ကုန်ကတော့ အပြားကြီးရိုက်ပြီး အချင်းဝက်အတိုင်းအတာပုံ လက်နဲ့ဖြတ်ချပြီး နာရီလက်တံပုံပြန်လိပ်ပါတယ်။ ဖောင်းဖောင်းလေးရရင် ဒီအတိုင်းထားပြီး ကြော်တော့မယ်ဆိုမှ လက်နဲ့ ဖိပြီး ကြော်ပါတယ်။ အစားအသောက်မှာ ရန်ကုန်ထက် မန္တလေးက စေတနာရော ပညာပါ ကွာပါတယ်။

ကျနော်တို့ ရန်ကုန်မှာ နာမည်တခုရပြီဆို အနေအထားတွေ ပြောင်းကုန်ကြတယ်။ ဈေးနှုန်းတွေက အစ အလွှာ တခုချင်းစီမှ စားနိုင်ကြတော့သလိုမျိုးပေါ့။ မန္တလေးမှာ ဘယ်လောက်နာမည်ကြီးနေပါစေ။ လူတိုင်းစားနိုင်တဲ့ဈေးနှုန်းနဲ့ ရောင်းချပေးနေကြတယ်။

ဒီအချက်ကို ကျနော် ၃ ရက်လောက်ပဲ နေခဲ့စားခဲ့ပေမယ့် ကောင်းကောင်းကြီး သိခဲ့ရတယ်။ မန္တလေးကို ရန်ကုန် မဆန်စေချင်ဘူးဗျာ။ အစားအသောက်အတွက် စိတ်ချမ်းသာရတဲ့ ကျနော်ချစ်တဲ့မြို့လေးကို ကျနော်ဇာတိ ကျနော့်အချစ်ဦး မြို့ရန်ကုန်လို ဈေးတွေမကြီးစေချင်ဘူးလေနော်။ (Rkar Phyoe Maung) ပထမပုံကတော့ ရွှေကောင်းမြတ်ကဖေးက ထပ်တရာပုံဖြစ်ပြီး ဒုတိယပုံကတော့ ကရိဝိတ်က ထပ်တရာဆီခြောက် ပုံဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page