အာဖရိက ကြယ်ပွင့် မော်ရိုကိုရဲ့ နေထွက်ချိန် (သို့) စပိန်ဘီလူးကြီးတို့ရဲ့ နေဝင် အိပ်တန်းတက်ချိန်
ဉရောပ ဘောလုံး အဓိပတိ စပိန်အသင်းကတော့ အာဖရိက အသင်းဖြစ်တဲ့ မော်ရိုကို ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ထွက်ခွာသွားရပြီ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်အဆင့်မှာ တခြား အသင်းကြီးတွေအနေနဲ့ ကွာတားဖိုင်နယ်ကို ရောက်ရှိခဲ့ပေမယ့် ထိုအထဲမှာ စပိန်တော့ ပါဝင်တော့မှာ မဟုတ်တော့ပါဘူး။ ယခုပြိုင်ပွဲမှာ အာရှအသင်းတွေကို အဆင့်မြင့် နေရာအထိ ရောက်ရှိမယ်လို့ မှန်းထားပေမယ့် တကယ်တမ်းတော့ အာရှအသင်းတွေ ပြိုင်ပွဲက ထွက်ခွာသွားခဲ့ရပြီး ပြိုင်ပွဲ စတုန်းက မထင်မရှားလို့ သတ်မှတ်ထားတဲ့ မော်ရိုကို အသင်းကတော့ ကွာတား ဖိုင်နယ်အထိ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။
မော်ရိုကို အနေနဲ့ ယခုကဲ့သို့ ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခြင်းဟာ အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံးအကြိမ် အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ ယခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရောပနဲ့ တောင်အမေရိက အသင်းတွေ မဟုတ်တဲ့ တသင်းတည်းသော အသင်း အဖြစ်လည်း မှတ်တမ်း ဝင်သွားတာ ဖြစ်ပါတယ်။
စပိန် ကစားသမားတွေဟာ ယူရိုပြိုင်ပွဲမှာ အီတလီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီးကတည်းက ကစားသမားတိုင်းကို ပင်နယ်တီ အလုံး ၁၀၀၀ စီ ကန်သွင်းလေ့ကျင့်ခိုင်းထားတယ်လို့ စပိန်နည်းပြ လူးဝစ် အင်းနရစ်က ပြောကြားခဲ့ပါတယ်။ လေ့ကျင့်သား ပြည့်ဝနေပေမယ့် ပြိုင်ဖက်ကို လျှော့တွက်ခဲ့တဲ့ စပိန်အသင်းကတော့ အိမ်ပြန်သွားခဲ့ရပြီပဲ ဖြစ်ပါတယ်။
မော်ရိုကို အသင်းဟာ ကွာတားဖိုင်နယ်မှာ နာမည်ကြီး ပေါ်တူဂီအသင်းနဲ့ တွေ့ဆုံရမှာ ဖြစ်ပြီး ခံစစ်ကောင်းတဲ့ မော်ရိုကို အသင်းကို ဘောလုံးဂန္ထဝင် ရော်နယ်ဒိုတယောက် ကျော်ဖြတ်နိုင်မလား၊ မော်ရိုကိုကပဲ ရှေ့ဆက်သွားမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။