သက်တမ်းကုန်နေတဲ့ မြေဂရန်ကို မိမိအမည်ပေါက် ဂရန်ဖြစ်အောင် ပြောင်းလဲနိုင်တဲ့ နည်းလမ်းများ

ဂရန် သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်တစ်ခုကို မိမိနာမည် ဂရန်အမည်ပေါက်ဖြစ်အောင် ဆောင်ရွက်ချင်သော်လည်း အမည်ပေါက်ပိုင်ရှင် မရှိတော့ရင် ဘယ်လိုဆက်လက် လုပ်ဆောင်ရမလဲ။

နှစ်(၃၀) ဂရန်မြေကွက် တစ်ကွက် ဝယ်ထားတာ (၁၀) နစ်ကျော်ပါပြီ။ အခုချိန်မှာ ဂရန်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်လို့ မူရင်းအမည်ပေါက်ကနေ မိမိအမည်ပေါက်ဖြစ်အောင် ပြောင်းလိုပါတယ်။ မူရင်းအမည်ပေါက်တဲ့သူ အိမ်ပြောင်းသွားတဲ့အတွက် ရှာရခက်နေပါတယ်။ အကယ်၍ ရှာမတွေ့တော့ရင် ဘယ်လိုလုပ်ရမလဲ။

ကိုယ်ဝယ်ယူထားတဲ့ စာချုပ်က သာမာန်အရပ်စာချုပ်နဲ့ ဝယ်ထားတာလား။ မှတ်ပုံတင်စာချုပ်နဲ့ ဝယ်ထားတာလားဆိုတာ ကြည့်ရပါမယ်။ မှတ်ပုံတင်စာချုပ်နဲ့ ဝယ်ထားတယ်ဆိုရင်တော့ အမည်ပေါက်ပိုင်ရှင် မလိုတော့ပါဘူး။

မှတ်ပုံတင်စာချုပ်နဲ့ တွဲပြီးတော့ သက်ဆိုင်ရာသို့ မိမိ မှတ်ပုံတင်စာချုပ့်ဖြင့် ဝယ်ထားကြောင်း တင်ပြ၍ ဂရန်သက်တမ်းတိုးပေးရန်နှင့် အမည်ပြောင်းလဲပေးရန် တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ သက်ဆိုင်ရာမှ ဂရန်သက်တမ်းပြတ်တောက် ကာလများအတွက် သတ်မှတ်ထားသော ဒဏ်ကြေးများ ပေးဆောင်စေ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဂရန်သက်တမ်းတိုးပေးကာ အမည်ပေါက်ပြောင်းလဲပေးမှာဖြစ်ပါတယ်။

အရပ်စာချုပ်နဲ့ ဝယ်ထားတာဆိုရင်တော့ အရပ်စာချုပ်သည် မရွှေ့မပြောင်းနိုင်သောပစွည်းနှင့် ပတ်သက်ရင် သက်ဆိုင်ရာ တရားရုံးများမှာ သက်သေခံတင်သွင်းလို့ မရပါဘူး။ ဂရန်သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်တွေအတွက်တော့ ဂရန်လုပ်ထုံးလုပ်နည်းများအရ သက်ဆိုင်ရာ ဂရန်သက်တမ်းမကုန်ဆုံးမီ (၃) လကြိုတင်၍ ဂရန်သက်တမ်းတိုး လျှောက်ထားခြင်း မရှိလျှင် လုပ်ထုံးလုပ်နည်းများအရ ဂရန် ပျက် သွားပြီဟု ယူဆရပါမယ်။

ထို့ကြောင့် အဆိုပါမြေသည် နိုင်ငံတော်မှ စီမံခန့်ခွဲပြီး ပြန်လည်ချထားပေးနိုင်သောမြေအဖြစ်သို့ အလိုလို ပြန်လည်ရောက်ရှိသွားပါတယ်။ ဒါကြောင့် အဆိုပါ မြေသည် ဂရန်ရမြေ မဟုတ်တော့ပါဘူး။ အရင်က ဂရန်ရထားပြီးသား မြေဟုသာသတ်မှတ်ပါတယ်။

အဲ့တော့ သူသည် အရပ်စာချုပ်နဲ့ ဒီမြေပေါ်မှာ လက်ရှိထား ရယူသုံးစွဲကြောင်း အထောက်အထားတင်ပြ၍ သက်ဆိုင်ရာသို့ ဂရန်အသစ်တစ်ခု ထုတ်ပေးရန်လျှောက်ထားရမှာဖြစ်ပါတယ်။ (DVBlawlab)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page