ဗီယက်နမ်နှစ်သစ်ကူးမှာ ရေပန်းစားနေတဲ့ မြန်မာငွေ သိန်း ၆၀ တန် နဂါးကြက်အကြောင်း
ဗီယက်နမ်နိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့မှာ ကျရောက်မယ့် ဗီယက်နမ်နှစ်သစ်ကူးတွင် ချမ်းသာကြွယ်ဝတဲ့ သူဌေးသူကြွယ်များကြားမှာ ရေပန်းစားနေတဲ့ နဂါးကြက်ဟု တင်စားခေါ်ဝေါ်ကြသော ရှားပါးမျိုးနွယ် ကြက်တစ်ကောင်ရဲ့ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၂,၀၀၀) (မြန်မာကျပ်ငွေ ၅၇ သိန်း) အထိ ဈေးကောင်းနေတယ်လို့ သိရပါတယ်။
ဗီယက်နမ်မြောက်ပိုင်း Dong Tao ကျေးရွာတွင် သားပေါက်ခဲ့သည်ကို အစွဲပြု၍ Dong Tao ကြက်ဟုလည်း ခေါ်ကြသည့် အဆိုပါ ရှားပါးကြက်၏ တုတ်ခိုင်ကြီးမားသည့် ခြေထောက် (၂) ချောင်းကိုပင် ဒေါ်လာ (၁၅၀) (မြန်မာကျပ်ငွေ ၄ သိန်း ၂ သောင်းကျော်) ပေးရတယ်လို့ သိရပါတယ်။
နဂါးကြက် သို့မဟုတ် Tong Tao ကြက်၏ ခြေထောက်ဟင်းလျာမှာ အရသာထူးကဲသည်ဟု ဗီယက်နမ်လူမျိုးများက ယူဆထားကြပြီး အထူးသဖြင့် ချမ်းသာကြွယ်ဝသူများက Tet ဟု သိထားကြသည့် ဗီယက်နမ်နှစ်သစ်ကူးကာလအတွင်း ချမ်းသာကြွယ်ဝသူများကြား အကြိုက်တွေ့နေကြတယ်လို့ သိရပါတယ်။
(၂) ပိသာခွဲနီးပါး (၂ ကီလိုဂရမ်) အလေးချိန်ရှိ နဂါးကြက်တစ်ကောင်၏ ခြေထောက်များက ခန္ဓာကိုယ်အလေးချိန်ရဲ့ (၅) ပုံ (၁) ပုံခန့်ရှိတယ်လို့ သိရပါတယ်။
နဂါးကြက်၏ အရသာထူးကဲမှု၏ အဓိက အကြောင်းရင်းမှာ ပြောင်းနှင့်ဆန်ကိုစားပြီး လွတ်လပ်စွာ သွားလာကျက်စားနိုင်သည့် လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူခြင်းဖြစ်ကြောင်း ဟနွိုင်းမြို့အနီးရှိ ကြက်မွေးမြူရေးခြံပိုင်ရှင်က ပြောပါတယ်။
“ကြက်တွေက လျှောက်သွားတာများလေ သူတို့ရဲ့ ကြွက်သားတွေ သန်မာပြီး ကြီးထွားလေပဲ” ဟု ၎င်းကဆိုပါတယ်။ အဆိုပါ ကြက်ခြံပိုင်ရှင်ဟာ နဂါးကြက်များကို မွေးမြူလာခဲ့သည်မှာ (၁၅) နှစ်ကြာပြီလည်း ဖြစ်ပါတယ်။
ပုံမှန်သဘောအရ တိုက်ကြက်များသာ တန်ဖိုးကြီးမြင့်လေ့ ရှိကြပြီး ယခုလို ဟင်းလျာအနေနဲ့ ရည်ရွယ်ထားတဲ့ ကြက်အမျိုးအစားအနေနဲ့ တန်ဖိုးအများအပြား ရှိနေတာကြောင့် ကြားသိရသူတိုင်း တအံ့တဩ ဖြစ်နေကြပါတယ်။