ဘဏ်တိုးထက် သာတယ်ဆိုတဲ့ စကားတခွန်းကြောင့် ဘဝပျက်သွားရသူများ အကြောင်း

ယနေ့ မနက်လင်းလင်းချင်း စတင်ကြားရတဲ့ သတင်းကတော့ နိုင်ငံတကာ စတော့ရှယ်ယာ ကုမ္ပဏီ အမည်ခံထားတဲ့ လူလိမ်တစုက အရင်းအနှီးထည့်ထားသူတွေရဲ့ ကျပ်ငွေ ဘီလီယံပေါင်း များစွာကို လိမ်လည်ပြီး ခြေရာဖျောက် ထွက်ပြေးသွားတဲ့ သတင်းပဲ ဖြစ်ပါတယ်။

အဆိုပါ ကုမ္ပဏီဟာ ရှယ်ယာ တခုကို ၃ သိန်းကနေ သိန်းထောင်ချီ ပမာဏနဲ့ ရောင်းချပြီး တလ ထည့်ပါက ၁၀ ရာခိုင်နှုန်းအတိုး၊ ၃ လ ထည့်ပါက ၁၂ ရာခိုင်နှုန်းအတိုး၊ ၆ လ ထည့်ပါက ၁၅ ရာခိုင်နှုန်း စသဖြင့် မြင့်မားတဲ့ အတိုးနှုန်းတွေ ပေးပြီး ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ခဲ့ပါတယ်။

အစပိုင်း ရင်းနှီးမြှုပ်နှံသူတွေကို အမှန်အကန် အတိုးပေးပြီး ယုံကြည်မှု ရယူကာ ရှယ်ယာဝယ်မယ့်သူတွေကို ထပ်ခေါ်ခိုင်းတဲ့ နည်းလမ်းကို အသုံးပြုသွားတာ ဖြစ်ပါတယ်။ ဒီအတိုင်း ထိုင်နေရုံနဲ့ ဘဏ်တိုးထက်သာတဲ့ အတိုးကို ရမယ်ဆိုတဲ့ မက်လုံးကြောင့် ငွေကြေးရှိသူ အတော်များများက ရှယ်ယာ အများအပြား ဝယ်ယူခဲ့ကြတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီး နောက်ပိုင်းမှာ မြန်မာပြည်ရဲ့ ဘဏ်စနစ်ကို ပြည်သူတွေ အယုံအကြည် မရှိတော့တာကြောင့် လက်ထဲရှိတဲ့ ပိုက်ဆံတွေကို ယခုလို ရင်းနှီးမြှုပ်နှံမှု အယောင်ဆောင် လူလိမ်ကုမ္ပဏီတွေဆီမှာ သွားရောက် အပ်နှံထားကြတာ ဖြစ်ပါတယ်။ ငွေအပေးအယူကို စာချုပ်နဲ့ မလုပ်ဘဲ ကုမ္ပဏီတံဆိပ်ပါတဲ့ စာရွက်အလွတ်ပေါ်မှာပဲ လက်မှတ်ထိုးပေးခဲ့တာ ဖြစ်တာကြောင့် တရားစွဲမယ်ဆိုရင်တောင် အတော် ခက်ခက်ခဲခဲ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

လိမ်လည်ခံရတဲ့ ငွေကြေးပမာဏဟာ များပြားလွန်းတာကြောင့် လက်ရှိအချိန်အထိ ပမာဏ ဘယ်လောက်ဆိုတာ အတိအကျ မသိရသေးပါဘူး။ ကျပ်ငွေ သန်းထောင်ချီနိုင်တယ်လို့ပဲ ခန့်မှန်း နိုင်ကြသေးပါတယ်။ အလိမ်ခံရတဲ့သူ အများစုကတော့ လက်ထဲ ပိုက်ဆံရှိပြီး စီးပွားရေးလုပ်သလို ခေါင်းမရှုပ်ရဘဲ ထိုင်နေရုံနဲ့ ပိုက်ဆံ ရချင်တဲ့သူတွေ အတော်များပါတယ်။

ပျက်ယွင်းနေတဲ့ မြန်မာ့တရားစီရင်ရေးကလည်း အားမကိုးရတဲ့ အချိန်မှာ ပါသွားတဲ့ ငွေတွေဟာ ပြန်ရနိုင်ဖို့ လမ်းစ မမြင်တော့သလောက် ဖြစ်နေပါပြီ။ မြန်မာပြည်မှာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းက ယခုလို လိမ်လည်မှုတွေ လုပ်ခဲ့ကြပေမယ့်လည်း လူတွေကို လောဘတက်အောင်လုပ်ပြီးမှ လိမ်လည်တဲ့ နည်းလမ်းဟာ အခုထိ အလုပ်ဖြစ်သေးတယ်ဆိုတာကို အခု ဖြစ်ရပ်က သက်သေပြနေပါသေးတယ်။

“ဘဏ်တိုးထက် သာတယ်” ဆိုတဲ့ စကားတခွန်းကြောင့် ဘဝပျက်သွားတဲ့သူတွေ အများအပြား ရှိခဲ့ပါပြီ။ တိုင်းပြည်စီးပွားရေး ပျက်စီးနေမှုကြောင့် လက်ထဲငွေရှိပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ချင်တဲ့ လူလတ်တန်းစားတွေကို အဓိက ပစ်မှတ်ထားပြီး လိမ်လည်တဲ့ ဖြစ်ရပ်တွေ ယခုကာလမှာ ဆက်တိုက် ဖြစ်လာပေမယ့် တခုမှ အရေးယူနိုင်ခြင်း မရှိခဲ့ပါဘူး။ အားကိုးရာမဲ့တဲ့ ပြည်သူတွေမှာ ငွေကြေးဆုံးရှုံးရတဲ့ သောကအပြင် ဥပဒေရဲ့ အကာအကွယ် မရတဲ့ ဒုက္ခတွေကိုပဲ ဆက်လက် ရင်ဆိုင်နေရပါတယ်။ အဲဒါကြောင့် ယခုလို ခေတ်ပျက်ကြီးမှာ အသိနဲ့ သတိတရားကို လက်ကိုင်ထားပြီး လောဘမတက်ကြဖို့ အကြံပြု တိုက်တွန်း လိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page