ဘိုကလေးစိန် ပြခဲ့တဲ့ တရား (သို့မဟုတ်) မြန်မာ့ရုပ်ရှင်လောကရဲ့ လူတိုင်းသိတဲ့ အမှောင်ဖက်ခြမ်း

ယနေ့ လူမှုကွန်ရက်ပေါ်မှာ လူပြောများနေတဲ့ ကိစ္စတခုကတော့ ဇာတ်ပို့သရုပ်ဆောင် ဘိုကလေးစိန်ရဲ့ အသုဘ အခမ်းအနားမှာ မိသားစုဝင်တွေနဲ့ အနုပညာရှင် မိတ်ဆွေတချို့က လွဲလို့ မြန်မာ့ရုပ်ရှင် အသိုင်းအဝိုင်းက လူတွေ ရောက်မလာတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။

ဘိုကလေးစိန်ဆိုတာ ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ ဇာတ်ကားအများအပြား ရိုက်ကူးထားပြီး ပရိသတ်တွေ သိတဲ့ သရုပ်ဆောင်တဦး ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာတော့ သူမရဲ့ သရုပ်ဆောင်မှုတွေဟာ ကောင်းမွန်ခဲ့ပေမယ့် အပြင်လောကရဲ့ ဘဝနေဝင်ချိန်မှာတော့ ဇာတ်သိမ်း မလှခဲ့ဘူးလို့ ပြောချင်ပါတယ်။

ဘိုကလေးစိန်ဟာ ကင်ဆာရောဂါကို ၂၀၂၁ ခုနှစ် ၄ လပိုင်းကတည်းက စတင်ခံစားရပြီး များပြားလှတဲ့ ဆေးရုံစရိတ်နဲ့ တခြား စရိတ်တွေကြောင့် ကုသနေစဉ် တလျှောက်မှာ ငွေကြေး အခက်အခဲတွေ ရှိခဲ့ပါတယ်။ ပြင်းထန်လှတဲ့ ကင်ဆာရောဂါ နောက်ဆုံးအဆင့်ကို ချို့တဲ့စွာနဲ့ ရင်ဆိုင်ခဲ့ရပြီး အခက်အခဲပေါင်း များစွာ ကြုံတွေ့ခဲ့ရကာ နောက်ဆုံးမှာတော့ ကွယ်လွန်သွားခဲ့ရပါတယ်။ ကွယ်လွန်ချိန်မှာ အိမ်လေး တလုံးတောင် မပိုင်ခဲ့ဘူးလို့ သိရပါတယ်။

မြန်မာ့ရုပ်ရှင်လောကရဲ့ မပြောင်းလဲတဲ့ သဘောတရားကို ဘိုကလေးစိန်က ထပ်မံ သက်သေပြသွားတာပဲ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်လောကမှာ နာမည်ကြီး မင်းသား၊ မင်းသမီးတွေသာ သရုပ်ဆောင်ကြေး မတန်တဆ မြင့်မားစွာ ရရှိလေ့ ရှိပြီး တခြား ဇာတ်ပို့၊ ဇာတ်ရံ၊ လူကြမ်းနဲ့ အတတ်ပညာရှင်တွေကတော့ နည်းပါးလှတဲ့ ပညာကြေးတွေနဲ့ပဲ ဝါသနာကို အရင်းခံပြီး ရှေ့ဆက်နေရတာ ဖြစ်ပါတယ်။

“လူကြမ်း တကျပ်၊ မင်းသား တရာ” ဆိုတဲ့ စကားလိုပဲ မင်းသား၊ မင်းသမီး ဝင်ငွေနဲ့ တခြား ပညာရှင်တွေရဲ့ ဝင်ငွေဟာ အဆ ၁၀၀ မက ရာထောင်ချီပြီး ကွာခြားကြပါတယ်။ ယခင်ကလို ပုံမှန် ရိုက်ကူးရေး ရှိနေမယ်ဆိုရင် ဇာတ်ပို့၊ ဇာတ်ရံတွေဟာ ပုံမှန် ဝင်ငွေ ရှိကြမှာ ဖြစ်ပေမယ့် ယခုလို ရိုက်ကူးရေး ရပ်နားထားချိန်မှာ မင်းသား၊ မင်းသမီးတွေက ဟန်မပျက်နေနိုင်ပေမယ့် ဇာတ်ပို့၊ ဇာတ်ရံတွေကတော့ အလွန်ပဲ ခက်ခဲနေကြပါတယ်။

လက်ရှိအချိန်မှာ စီးပွားရေး အခြေအနေနဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် ရုပ်ရှင်ရုံတွေမှာ လူမရှိသလောက် နီးပါး ဖြစ်နေပါတယ်။ ရုပ်ရှင်လောကရဲ့ အသက်ဟာ ရုံတင်ဝင်ငွေပေါ်မှာ အဓိက မူတည်ပါတယ်။ လက်ရှိအတိုင်း ဆက်သွားမယ်ဆိုရင်တော့ မကြာခင်မှာ ရုပ်ရှင်ရုံတွေ ပိတ်သိမ်းရတော့မယ့် အခြေအနေ ဖြစ်လာပါလိမ့်မယ်။

အဲဒီလို အခြေအနေတွေ ဖြစ်လာရင်တော့ ရုပ်ရှင်လောကကို မှီတည်နေရတဲ့ ဇာတ်ပို့၊ ဇာတ်ရံနဲ့ တတ်သိ ပညာရှင်တွေရဲ့ အခြေအနေကတော့ မတွေးဝံ့စရာ ကောင်းတဲ့ အနေအထားမျိုး ဖြစ်လာပါလိမ့်မယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကလည်း ရုပ်ရှင်လောကသားတွေကို ထိရောက်တဲ့ ကူညီမှုမျိုး မလုပ်နိုင်ဘဲ ဟန်ပြပွဲတွေသာ ပြုလုပ်ဖို့ အာရုံစိုက်နေပါတယ်။

ရုပ်ရှင်လောကသား အများစုဟာ ဝါသနာပါရာအလုပ်ကို အသက်မွေးဝမ်းကျောင်းအနေနဲ့ ရွေးချယ်ခဲ့တာကြောင့် နောက်ထပ် အလုပ်အကိုင်သစ်တွေ ပြောင်းလဲ လုပ်ကိုင်ရင် အဆင်မပြေကြတာ များပါတယ်။ အဲဒါကြောင့် ယခုလို ခက်ခဲနေတဲ့ အချိန်ကို ဘယ်လို ကျော်ဖြတ်ကြမလဲဆိုတာ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ စဉ်းစားသင့်နေပြီ ဖြစ်ပါတယ်။

မြန်မာ့ရုပ်ရှင်ကို အရည်အသွေးပိုင်းဆိုင်ရာ မြှင့်တင်မလား၊ ခေတ်နဲ့ လိုက်လျောညီထွေတဲ့ ပလက်ဖောင်းတွေနဲ့ ပြည်သူတွေဆီ ပို့ပေးမလား၊ အဂတိတရားတွေ ကင်းရှင်းတဲ့ အနုပညာစစ်စစ်ကိုပဲ အာရုံစိုက်မလား စသဖြင့် ပြောင်းလဲလာဖို့က ရုပ်ရှင်လောကသားတွေ ကိုယ်တိုင်မှာ တာဝန်ရှိပါတယ်။ အဲဒါမှ မဟုတ်ဘဲ ကပ်ဖား ရပ်ဖားတွေနဲ့ ရေစုန်မျောလိုက်နေမယ်ဆိုပါက ဘိုကလေးစိန်လို ဖြစ်ရပ်မျိုး နောက်ထပ် အများအပြား မြင်တွေ့ရဦးမယ်လို့ အကြုံပြုရင်း….

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page