တန်ဖိုး မသိတဲ့ မန္တလေးစည်ပင်ကြောင့် လုံးဝပျောက်ကွယ်သွားတော့မယ့် ရှေးဟောင်းအမွေအနှစ်များ

မန္တလေး၊ အမရပူရမြို့နယ်၊ ဦးပိန်တံတား အနီးက ကျောက်ခေတ်အထောက်အထားတွေ တွေ့ရှိထားတဲ့ နေရာကို မန်းစကစလက်အောက်ခံ စည်ပင်က ဘူဒိုဇာတွေ အသုံးပြု လမ်းဖောက်နေတဲ့အပေါ် မြို့ခံတွေနဲ့ ရှေးဟောင်းပညာရှင်တွေက ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။ စကစက ဦးပိန်တံတားနဲ့ မယ်ဇယ်တန်းကို လမ်းသစ်ဖောက်ဖို့ အတွက် အမျိုးသားယဉ်ကျေးမှု နေ ရာကို အခုလို အဆင်မခြင် လုပ်နေတာလို့ အမရပူရဒေသခံတဦးကပြောပါတယ်။

“တန်ဖိုးနာမလည်တဲ့လူတွေ လက်ထက်မှာ အမျိုး သားအမွေအနှစ်တွေ ဆုံးရှုံးရပြန်ပြီပေါ့ဗျ၊ ရှေးသုဆိုတဲ့ လူတွေလည်း ဘာမှာ မပြောကြဘူး၊ တကယ်ကို သမိုင်းအမွေအနှစ်ကြီးမားတဲ့နေရာကို အခုလိုလုပ်နေကြတာ မြင်ရတော့ အတော်အဆင်မပြေဘူး ” လို့ သူကပြောပါတယ်။ အမွေအနှစ်နေရာမှန်းသိသာစေဖို့အတွက် စိုက်ထူထားတဲ့ကျောက်တိုင်ကို ချန်ပြီး လမ်းဖောက်နေတာလို့ သူကပြောပါတယ်။

စကစက မဆင်မခြင် လမ်းဖောက်နေတဲ့ နေရာဟာ တောင်သမန်အင်း ကမ်းပါးရေတိုက်စားတဲ့အခါပေါ်လာတဲ့ ကျောက်ခေတ်လက်နက်တွေအရ ရှေးဟောင်းသုတေသနက ၁၉၇၀-၁၉၇၂ မှာ တူးဖော်သုတေသနပြုခဲ့တဲ့ နေရာဖြစ်တယ်လို့ ရှေး ဟောင်းသုတေသန ပညာရှင် တဦးကသူရဲ့ လူမူကွန်ယက်မှာ မျှဝေထားပါတယ်။

ဒါ့အပြင် အဲ့ဒီနေရာကမြေလွှာအဆင့်ဆင့်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ခန့်က လူအရိုးစုတွေ၊ မြေထည်ပစ္စည်းတွေ၊ ရေလှိုင်းဒီဇိုင်းပါ ရှေးဟောင်းမြေအိုးတွေ၊ ကျောက်-က်နက်တွေ၊ လည်ဆွဲ၊ ပုတီးစေ့တွေ၊ သံဒါးနဲ့ သံငါးမြှားချိတ်တို့ ယှဉ်တွဲမြှုပ်နှံခဲ့တာတွေ၊ အိုးခြမ်းကွဲတွေ တွေ့ရှိခဲ့ဖူးတယ်လို့ ရှေးဟောင်း ပညာရှင်အသိုင်းအဝိုင်းကပြောကြပါတယ်။

“တောင်သမန်ကျောက်ခေတ်သစ် နေရာသည် အရှေ့ဘက်တွင် ဦးပိန်တံတား၊ တောင်ဖက်တွင် မယ်ဇင်ပင်တန်းထိ၊ အနောက်ဖက်တွင် လင်းဇင်းကုန်း သင်္ချိုင်း၊ မြောက်ဖက်တွင် မဟာ ဂန္ဓာရုံကျောင်း တိုက်ထိ ကျယ်ဝန်းပါတယ်၊ ကျောက်ခေတ်သစ်မှသည် ယနေ့ချိန်ထိ လူနေထိုင်ရာအရပ်ဖြစ်တယ်ဆိုတဲ့ မြန်မာ့သမိုင်းအတွက် အလွန်တန်ဖိုးရှိသော နေရာဖြစ်ပါတယ်၊ ယခုတော့ ပြည်သူ့ ဘဏ္ဍာဖြင့် ကွန်ကရစ်လောင်းလမ်းခင်းခြင်းအားဖြင့် အမျိုး သားအမွေအနှစ်များဆုံးရှုံးနေတာကို စိတ်မကောင်းဖွယ်တွေ့နေရပါတယ် ” လို့ ရှေးဟောင်းပညာရှင်တဦးက လူမှုကွန်ရက်မှာရေးသားထားပါတယ်။

အဲဒီနေရာမှာ လမ်းဖောက်နေစဉ်ကာလမှာလည်း စက်ယန္တယားကြီးတွေနဲ့ မြေတူးဖော်မှုကြောင့် ရှေး ဟောင်းပစ္စည်း တချို့ထွက်ပေါ်လာတယ်လို့ ဒေသခံတဦးကပြောပါတယ်။ “ရှေးသုကလူတွေ အခုထိလာကြည့်တာမရှိသေးသလို စစ်ဆေးတာလည်း မရှိသေးပါဘူး။ မြေကြီးတွေကို ကားတွေနဲ့ ကော်လိုက်တော့ အမွေအနှစ် ပစ္စည်းတချို့ထွက်လာတယ် ” လို့ သူကပြောပါတယ်။

နိုင်ငံတကာမှာ ဆိုရင် ယခုလို နေရာမျိုးကို သီးသန့်ဖယ်ထားခြင်း (သို့) ရှောင်ကွင်းပြီး လမ်းဖောက်လုပ်ခြင်းတွေ ပြုလုပ်လေ့ ရှိပြီး မြန်မာပြည်မှာတော့ တန်ဖိုး မသိတာကြောင့် ထင်တိုင်းကြဲနေကြတယ်လို့ ပြည်သူတွေက ဝေဖန်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page