ပျောက်ကွယ်သွားပြီ ဖြစ်တဲ့ တအိုးချက်ရင် တအိမ်လုံး ရနံ့မွှေးတဲ့ ခတ်ချိုဆန်အကြောင်း

ခတ်ချိုဆန်၊ တချိန်တုန်းက နာမည်ကြီးခဲ့ဖူးတဲ့ ခတ်ချိုဆန်၊ အဲဒီအချိန်တုန်းက တကယ့်အောဂဲနစ်ဆန်စစ်စစ်ပေါ့။ အိမ်နောက်ကထမင်းအိုးတည်ထားရင် အိမ်ရှေ့အထိ မွှေးနေခဲ့တာ ခတ်ချိုဆန်နဲ့ပါတ်သက်လို့ အမှတ်တရတွေရှိခဲ့ဖူးတယ်။

၈၈ အရေးအခင်းမဖြစ်ခင် မန္တလေးကျောင်းသွားတက်တော့ အဆောင်မှာ ချက်စားဖို့ ဆန်တစ်ပိုင်းသယ်သွားတယ်။ အပြင်ဆောင်မှာဆိုတော့ ထမင်းပေါင်းအိုးမသုံးရဘူး။ ရေနွေးတည်တဲ့ မတ်ခွက်လေးတော့ သုံးလို့ရတယ်။

မစ်ကီမောက်စ် တံဆိပ်နဲ့ ရေနွေးတည်မတ်ခွက်လေးကိုသုံးပြီး ကိုယ်စားဖို့ ထမင်းခိုးချက်ခဲ့တယ်။ ထမင်းနပ်လာတော့ အမွှေးနံ့က အဆောင်နဲ့ကပ်လျှက်ဘေးနားက အဆောင်ပိုင်ရှင် အိမ်ထဲအထိရောက်သွားတယ်။ ထမင်းနံ့လေးက အတော်မွှေးနေတော့ ဒီအနံ့ဘယ်ကလာသလဲဆိုပြီး လိုက်ရှာပါလေရော။

နောက်ဆုံးတော့ ကိုယ်ထမင်းခိုးချက်တာ သိသွားတယ်။ ဒါနဲ့ပဲ အဆောင်ပိုင်ရှင်ကို ထမင်းတစ်ပန်းကန်ခူးပေးပြီး ဦးချလိုက်တယ်။ ထမင်းမွှေးနံ့ကြောင့် ဟန်မဆောင်တော့ပဲ ထမင်းပူပူကို ပဲဆီလေးဆမ်း ဆားလေးဖြူးပြီး ဆွဲပလိုက်တာ တစ်ပန်းကန်ကုန်ရော။

စားလည်းပြီးရော သူ့ဘဝမှာ ဒီလိုကောင်းတဲ့ဆန် ပထမဦးဆုံး စားဖူးတာပဲတဲ့။ ယူလာတဲ့ ဆန်တစ်ပိုင်း သူ့ကိုတစ်ဝက်ခွဲပြီး လက်ဆောင်ပေးလိုက်တယ်။ အဲဒါနဲ့ပဲ အဆောင်မှာ လျှပ်စစ်မီးသုံးခွင့် ရသွားတယ်။ အဆောင်ရောက်ခါစ ကျနော့်ကို ရှမ်းလေးလို့ခေါ်ကြပေမယ့် ခတ်ချိုဆန်ထမင်းကို စားပြီးနောက် အဆောင်ပိုင်ရှင် အဒေါ်က ကျနော့်ကို ခတ်ချို လို့စခေါ်တော့တယ်။

အဲဒီကစလို့ အဆောင်အတူနေသူငယ်ချင်းတွေကပါ “ခတ်ချို” လို့ပဲခေါ် ကြတော့တယ်။ ကျနော့်နာမည်အရင်းတောင် သူတို့မေ့သွားကြတယ် တကယ်ပါ။ နောက်တစ်ခုက ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေ လ္ဘက်ရည်ဆိုင်မှာ ပြဿနာဖြစ်တော့ က္ကသိုလ်ကျောင်းတွေ အရေးပေါ်ပိတ်လိုက်တယ် ကျောင်းပိတ်တော့ အိမ်မပြန်သေးပဲ သူငယ်ချင်းနဲ့ပြင်ဦးလွင်လိုက်လည်တယ်။

လက်ကျန်ဆန်လေး သုံးလေးပြည်လောက်ရှိမယ် သူငယ်ချင်းအမေကို လက်ဆောင်ပေးဖို့ဆိုပြီးယူသွားပေးတယ်။ ရောက်တဲ့နေ့မှာပဲ သူငယ်ချင်းက ခတ်ချိုဆန်ဘယ်လောက်ကောင်းကြောင်း အမွှမ်းဖွဲ့နေလေတော့ သူ့အမေက မင်းပြောတာ လက်တွေ့ဟုတ်မဟုတ် အခုပဲချက်ကြည့်မယ်ဆိုပြီး ထမင်းအိုးချက်ခြင်းတည်လိုက်တယ်ဗျ။

ထမင်းအိုးဗွက်လာတော့ ထမင်းငွေ့တွေက တစ်အိမ်လုံးမွှေးသွားတယ်။ အိမ်နောက်မှာ ခြံရှင်းနေတဲ့ သူငယ်ချင်းအဖေက အမွှေးနံ့ရလို့ အိမ်ထဲဝင်လာပြီး ဘာအနံ့လည်း မွှေးလိုက်တာ ဆိုပီး လာမေးတယ်။ ထမင်းနံ့မွှေးမွှေးလေးကြောင့် သူငယ်ချင်းအမေက သူ့သားကိုပြုံးပြီး ပြန်ပြောတယ် မင်းပြောလည်းပြောလောက်ပါတယ်တဲ့။ သူငယ်ချင်းအမေကလည်း ကျနော်ကို ခတ်ချို လို့ပဲ ခေါ်ပြန်တယ်။

ပြီးခဲ့တဲ့ သုံးနှစ်လောက်က ပြင်ဦးလွင်ရောက်တော့ သူငယ်ချင်းဆီဝင်လည်ရင်း သူ့အမေနဲ့ ပြန်တွေ့တယ်။ အသက်ကြီးလာပေမယ့် ခတ်ချိုဆန်ကို ခုထိမမေ့သေးဘူး ကျနော်ရောက်သွားတော့ ခတ်ချိုဆန်ကို မေးနေသေးတယ်။

ခုနောက်ပိုင်း ဒေသဆိုင်ရာအာဏာပိုင်တွေက အထွက်တိုးစပါးမျိုးတွေကို(မဖြစ်မနေ) အစားထိုးစိုက်ခိုင်းလို့ သေဒမျိုးရင်းတွေပျောက်ဆုံးကုန်ပြီး ကိုယ်တွေအရင်က မကြားဖူးတဲ့ဆန်နာမည်တွေက ခတ်ချိုဆန်မျိုးရင်းတွေကို ဖုံးလွှမ်းသွားပြီလေ။

ရွာပြန်ရောက်တော့ အရင်လိုဆန်ကောင်းကောင်းတွေ မစားရတော့ဘူးဗျ။ တကယ်စိတ်မကောင်းဖြစ်မိတယ်။ တကယ်ဖြစ်သင့်တာက မိမိသေဒမျိုးရင်းတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းပေးရမှာလေ။ (စိုင်းအေး)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page