မြေပြင်ရွှေဈေး ၂၈ သိန်းကျော်လာပေမယ့်၂၇ သိန်းအောက်သာ ရှိသေးဟု ရွှေအသင်း ဇွတ်ပြောနေ

လက်ရှိ မြေပြင်ရွှေဈေးကွက်တွင် ရွှေဈေး ၂၈ သိန်း ကျော်လာပေမယ့် ရွှေလုပ်ငန်းရှင်များအသင်းကတော့ ၂၇ သိန်းအောက်သာ ရှိနေတယ်လို့ ဇွတ်ပြောနေကြောင်း သိရပါတယ်။

အဆိုပါ ဈေးနှုန်းကို ရွှေလုပ်ငန်းရှင်များအသင်းက ယနေ့ ညနေပိုင်းမှာ ထုတ်ပြန်လိုက်တဲ့ ပြန်ကြားလွှာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ပန်ကြားလွှာ အပြည့်အစုံကို ဖော်ပြ ပေးလိုက်ပါတယ်-

“ယနေ့ရွှေဈေးကွက်အတွင်းတွင် ဖြစ်ပေါ်နေသော ရွှေဈေးနှုန်းမှာ (၂၇၀၀၀၀၀) ကျပ် အောက်တွင်သာ ရှိပြီး ကောလာဟလအမျိုးမျိုးကြောင့် ပြင်ပရွှေဈေးကွက်ရောင်းဝယ်သူများမှ ဈေးကစား၍ ရွှေဈေးနှုန်းကို ဆွဲတင် ဆွဲချလျက် ရှိပါသည်။ သတင်းအဖြစ်အပျက်အမှန်များကို ဌာနဆိုင်ရာများမှ စုံစမ်းစစ်ဆေးလျက်ရှိပြီး အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဈေးကစားသူများအနေဖြင့် ကောလာလများ လွှင့်ထုတ်ခြင်းနှင့် ဈေးကစားခြင်းများ မပြုလုပ်ကြပါရန် ပန်ကြားအပ်ပါသည်။

ရွှေဈေးနှုန်းအနေဖြင့် အရောင်းအဝယ် အေးလျက်ရှိပြီး ဈေးနှုန်းသာလျှင် မြင့်တက်နေသောကြောင့် ရွှေဈေးကွကအတွင်း ရွှေဈေးနှုန်း မတည်ငြိမ်မှုများ မဖြစ်စေရန် ဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန် အထူး မေတ္တာရပ်ခံအပ်ပါသည်” လို့ ပါရှိပါတယ်။

၂၀၂၃ ခုနှစ် နှစ်စမှ စတင်ပြီး မြန်မာ့ရွှေဈေးနှုန်းအနေနဲ့ တဖြည်းဖြည်း မြင့်တက်လာပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ချိန်တွင် ၂၆ သိန်း ၈ သောင်း ဝန်းကျင်သာ ရှိပေမယ့်လည်း ယနေ့ (၁၁-၁-၂၀၂၃) ညနေတွင် ၂၈ သိန်း ၃ သောင်း ၂ ထောင် ဈေးသို့ ရောက်ရှိနေတာကို တွေ့ရပါတယ်။

ယခုနှုန်းထားအတိုင်း ဆက်လက် မြင့်တက်သွားပါက ဇန်နဝါရီလဝက် ကျော်ချိန်မှာ ရွှေဈေးအနေနဲ့ သိန်း ၃၀ သို့ ရောက်ရှိသွားနိုင်တယ်လို့ ရွှေဈေးကွက်နဲ့ နီးစပ်သူတချို့က သုံးသပ်ထားပါတယ်။ ရွှေဈေး မြင့်တက်လာမှုနဲ့အတူ မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းလာပြီး ကုန်ဈေးနှုန်းများ မြင့်တက်လာသောကြောင့် ပြည်သူများ အနေနဲ့ စားဝတ်နေရေး ပိုမိုကျပ်တည်းလာနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page