အာဏာသိမ်း စစ်ခေါင်းဆောင်ကို ကျိန်စာတိုက်ခဲ့တဲ့ ဗေဒင်ဆရာ လင်းညှို့တာရာ ပြန်လွတ်မြောက်

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က အစောဆုံးဖမ်းဆီးခံရသူတွေထဲက တစ်ဦးဖြစ်တဲ့ လူငယ်ဗေဒင်ဆရာ ကိုဟိန်းမင်းအောင် (ခေါ်) လင်းညှို့တာရာ ဒီနေ့က နိုဝင်ဘာ ၄ ရက်နေ့မှာပြန်လွတ်မြောက်လာပြီလို့ သူကိုယ်တိုင် အတည်ပြုပြောခဲ့ပါတယ်။

ဗေဒင်ဆရာ လင်းညို့တာရာ (ခ) ကိုဟိန်းမင်းအောင်ဟာ စစ်အာဏာရှင်ပြုတ်ကျရေး ယတြာစီမံခဲ့မှုနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က အဖမ်းခံခဲ့ရတာဖြစ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ – ၅၀၅ (ခ) နဲ့ ထောင်နှစ်နှစ် ချမှတ်ခံထားရတာပါ။ ဒီနေ့မှာတော့ လွတ်ရက်စေ့လို့ ပြန်လွတ်လာတာလို့လည်း ဆိုပါတယ်။

ကျန်းမာရေးလည်းကောင်းမွန်တယ်လို့ ဗေဒင်ဆရာ လင်းညို့တာရာက ပြောပါတယ်။ “ကျနော် ထောင်ကနေ လွတ်လာတော့ ပထမဆုံးအနေနဲ့ ဝမ်းသာမိတယ်။ နောက်ပြီး ကျန်းမာရေးလည်း ကောင်းပါတယ်။ ထောင်ထဲမှာကတော့ ထောင်သဘောအတိုင်းပဲ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေတော့ လုပ်ပေးတာရှိပါတယ်။ အပြင်လိုတော့ လွတ်လွတ်လပ်လပ် ဘယ်ဟုတ်မလဲဗျာ”

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ကျိန်စာတိုက်ခဲ့တဲ့ ဆရာလင်းညို့တာရာရဲ့ ပို့စ်ဟာ လူမှုကွန်ရက်မှာ လူအများအပြား မျှဝေခဲ့ပြီးတဲ့နောက်မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိပြန်လည်လွတ်မြောက်လာချိန်မှာ ခေတ္တအနားယူပြီးရင် သူတတ်ကျွမ်းတဲ့ ဗေဒင်ပညာကိုဆက်လုပ်ဖို့ရှိတယ်လို့လည်း လူငယ်ဗေဒင်ဆရာ လင်းညှို့တာရာက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page