အမှောင်ထဲက ရန်ကုန်၊ အဖြေရှိပြီး မရှင်းနိုင်တဲ့ ပုစ္ဆာနဲ့ ပျောက်သောလမ်းမှာ စမ်းတဝါး

ရန်ကုန်မြို့မှာ နေ့စဉ် တရက် မီး ၂ နာရီ ပုံမှန် ပြတ်နေသော်လည်း ယခု ရက်ပိုင်း ပိုပြတ်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများသို့ ပို့လွှတ် ထားသော ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း အရေးပေါ်ထိန်းသိမ်းပြု ပြင်နေလို့ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်မှု လျော့နည်းနေခြင်း ကြောင့် မီးပိုပြတ်မယ်ဆိုပြီးထုတ်ပြန်ထားတာပါ။

ရန်ကုန်မြို့ မြို့လယ်ခေါင် ကျောက်တံတားမြို့နယ် ၃၅ လမ်းနေ ပြည်သူ တစ်ဦးက “နွေတောင် မရောက်သေးဘူး။ အောက်တိုဘာ ဒုတိယပတ်လောက်ကတည်း နေ့စဉ် ၂ နာရီ အနည်းဆုံး ပြတ်တယ်။ တစ်ချို့ ရက်တွေဆို မနက် ၅ နာရီထိုးတာနဲ့ ပြတ်တာ။ နေ့တိုင်းပြတ်တာ ဒီနေ့အထိပဲ၊ ဒီနေ့ (နိုဝင်ဘာ ၁၁) ရက်နေ့ မနက် ၅ နာရီ ထိုးက ပြတ်တယ် ၈ ခွဲ ကျော်မှလာတယ်။ အခုလို မနက်ပိုင်းပြတ်လို့ ဒီနေ့မပြတ်တော့ဘူး မထင်နဲ့နော်။ နေ့လယ်ပိုင်းလည်း ပြတ်ချင်ပြတ်သေးတာ အီးပီစီက ဟိုဟာ ပြင်တယ်။ ဒီဟာ ပြင်တယ်သာ ပြောတာ။ မပြင်တုန်းကလည်း ပြတ်တာပဲ ။ အခုလည်း ပြတ်တာပဲ။ဘာမှမထူးဘူး” လို့ ယနေ့ နံနက်ပိုင်းက ပြောပါတယ်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်ရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်ရှိ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံတွေကို ပို့နေတဲ့အလုံသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်အမှတ်(၁,၂)မှ (45)MW ၊ Toyothai ဓာတ်အားပေးစက်မှ (115)MW ၊ သာကေတဓာတ်အားပေးစက်မှ (17)MW ၊ UPP (ရွာမ)ဓာတ်အားပေးစက်မှ (45)MW ၊ Max Power (သာကေတ)ဓာတ်အားပေးစက်မှ(45)MW ၊ လှော်ကားဓာတ်အားပေးစက်မှ (60)MW ၊ U Energy ဓာတ်အားပေးစက်မှ (106)MW ၊စုစုပေါင်း (433)MW ခန့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်မှု လျော့နည်းနေတာလို့ ပြောပါတယ်။

ရန်ကုန်မြို့ ရွှေပေါက်ကံမြို့နယ်နေ ပြည်သူတစ်ဦးက “ အခု ရွှေပေါက်ကံမှာဆိုရင် မီးက တစ်နေ့လုံး မလာဘူး။ လာရင်လည်း ခဏပဲ ။ ပြတ်တာ ၂ ရက်ရှိပြီ။ ပြတ်မယ်ဆိုရင်လည်း သက်ဆိုင်ရာ မြို့နယ် အီးပီစီက မြို့ခံတွေကို ကြိုတင်အသိပေးပြောကြားဖို့လိုတယ်။ အခုက ပြတ်ချင်သလို ဖြတ်ချင်သလိုဖြတ်နဲ့ ငါတို့ပေးရင် ရမယ်။ မပေးရင် မရဘူးဆိုတဲ့ အချိုးမျိုးတွေကိုလုပ်နေကြတယ်” လို့ ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းဒေါပုံမြို့နယ်နဲ့ သာကေတမြို့နယ်တို့ကတော့ ယခုရက်ပိုင်း မီးပြတ်မှု ပိုများတယ်လို့လည်း မြို့နယ်နေ ပြည်သူတွေက ပြောပါတယ်။ ယမန်နေ့ကလည်း ရေစကြို အီးပီစီက တနေ့လျှင် လျှပ်စစ်မီး ၁၀ နာရီ ပြတ်မည်ဟု ကြေညာလိုက်တာကြောင့် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ များပြားခဲ့တာ ဖြစ်ပါတယ်။

ခြောက်သွေ့ ရာသီဥတု ရောက်လာတာနဲ့အမျှ လျှပ်စစ်မီး ပိုမို ပြတ်တောက်မှုများ ဖြစ်ပေါ်လာပြီး မီးဘေး အန္တရာယ် ကျရောက်နိုင်မှုကိုလည်း ပြည်သူများက စိုးရိမ်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page