အိမ်ထဲမှာ နေရင်း အလုခံရနိုင်တဲ့ ရန်ကုန်နဲ့ ပြည်သူ့ လုံခြုံရေးအတွက် မေးခွန်းထုတ်စရာ အချက်များ

လက်တလောအချိန်မှာ ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ သင်တယောက်တည်း အေးအေးဆေးဆေး လမ်းလျှောက်နိုင်ပါသေးရဲ့လား၊ လမ်းလျှောက်ရင် ဖြစ်စေ၊ ဘတ်စ်ကား စီးရင် ဖြစ်စေ၊ တက္ကစီ စီးရင် ဖြစ်စေ ကျီးကန်းတောင်းမှောက် မျက်လုံးနဲ့ ပတ်ဝန်းကျင်ကို လိုက်ကြည့်နေရမှာ အသေအချာပါပဲ။

မကြည့်လို့လည်း မရပါဘူး။ သတိတချက် လွတ်တာနဲ့ လက်ထဲက ဖုန်း၊ ပိုက်ဆံအိတ် တခုခု လုယူခံရနိုင်သလို ဘတ်စ်ကားပေါ်မှာလည်း အချိန်မရွေး အိတ်ခွဲခံရနိုင်ပါတယ်။ ဒါမှ မဟုတ်လည်း စီးလာတဲ့ တက္ကစီပေါ်က လူကလည်း လုယက်နိုင်ခြေ ရှိပါသေးတယ်။

အဲဒီလို ပြောလို့ အိမ်ထဲမှာ နေရင်လည်း လုံခြုံတယ်လို့ မဆိုလိုနိုင်ပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရန်ကုန် မင်္ဂလာတောင်ညွှန့် မြို့နယ်မှာ သိပ္ပံပညာရှင်တဦးနဲ့ အငြိမ်းစား ကျောင်းဆရာမ ဇနီးမောင်နှံ ၂ ဦးတို့ အိမ်ထဲထိ ဝင်ရောက် လုယက်ခံရတာကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

ယမန်နေ့ (၂-၁၁-၂၀၂၂) ကလည်း ရန်ကုန် ၂၆ လမ်းက သင်္ဘောဆေးဆိုင်ကို ဝင်ရောက်လုယူတဲ့ ဗီဒီယိုဖိုင် ပျံ့နှံ့လာပြီးတဲ့နောက် ပြည်သူလူထုအကြားမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေ ပိုမိုများပြား လာလျက်ရှိပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေရဲ့ လုံခြုံမှုဟာ စိုးရိမ်စရာ အကောင်းဆုံး အနေအထားကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

နေ့စဉ်နေ့တိုင်း ရန်ကုန်မြို့မှာ ခိုးဆိုးလုနှိုက် ဖြစ်စဉ်တွေ အများအပြား ဖြစ်ပေါ်နေတဲ့ အပေါ် ဘယ်သူ့မှ တာဝန် ရှိပါသလဲ။ ကိုယ့်ကိုယ်ကိုယ် အစိုးရလို့ ဇွတ်အတင်း ခံယူထားသူတွေမှာ ၁၀၀ ရာခိုင်နှုန်း တာဝန်ရှိပါတယ်။ ကူညီပါရစေလို့ ဆိုင်းဘုတ်တပ်ထားတဲ့ ပြည်သူ့ရဲဆိုသူတွေ ကိုယ်တိုင်က ကာထားတဲ့ သံဆူးကြိုးတွေ နောက်မှာပဲ အသင့်အနေအထားနဲ့ နေနေရတဲ့ နိုင်ငံမှာ အများကြီး မျှော်လင့်လို့တော့ ရမှာ မဟုတ်ပါဘူး။

တိုင်းပြည် မငြိမ်သက်မှုနဲ့ တပါတည်း ပါလာတဲ့ ခိုးဆိုးလုနှိုက် ဖြစ်စဉ်တွေကနေ ကာကွယ်ဖို့ အခွန်ဆောင်ထားတဲ့ ပြည်သူတွေမှာ တာဝန်မရှိပါဘူး။ အခွန်စားနေတဲ့ နိုင်ငံဝန်ထမ်းတွေမှာပဲ အပြည့်အဝ တာဝန်ရှိပါတယ်။ ပြည်သူက ကိုယ့်ဘာသာ ကာကွယ်နေရပြီဆိုကတည်းက စနစ် ပျက်ယွင်းနေပြီဆိုတာ အသေအချာပါပဲ။

ပြည်သူ့လုံခြုံရေးအတွက် တာဝန်ရှိသူတွေကို ဒီနေရာကနေ မေးခွန်းထုတ်ချင်တာက ပြည်သူကို တကယ်ပဲ လုံခြုံစေချင်တာလား၊ ကိုယ့်နေရာ၊ ကိုယ့်ထိုင်ခုံတည်မြဲဖို့အတွက်ပဲ အဓိက ဦးစားပေးမှာလား ဆိုတာပါပဲ။ ရှက်တတ်ရင် ပုဆိုးခေါင်းမြီးခြုံထားလိုက်ပါဆိုပြီး ပြောချင်ပါတယ်။ လုံခြုံမှု မရှိတော့တဲ့ ပြည်သူတွေကို ဘယ်သူ ကာကွယ်ပေးမှာလည်း ဆိုတဲ့ မေးခွန်းကိုပဲ ထပ်မေးလိုက်ချင်ပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page