ကုသိုလ် တပဲ၊ ရောဂါ တပိဿာ ဖြစ်နေတဲ့ ခိုစာကျွေးခြင်းနဲ့ မြန်မာတွေ ပြောင်းလဲရမယ့် အမူအကျင့်

မြန်မာနိုင်ငံမှာ ခိုစာကျွေးတာ ပေါ်ပြူလာ ဖြစ်ပါတယ်။ ဘာကြောင့် ခိုစာကျွေးကြသလဲ (၁) ချစ်လို့ (၂) ကုသိုလ်ရအောင်လို့ (၃) ယတြာချေ ခိုင်းလို့ နိုင်ငံတကာမှာ ခိုတွေကို တော်တော်လေး ကန့်သတ်ထိန်းချုပ် ကြပါတယ်။ ဘာကြောင့်လဲ။

ခိုတွေမှာ ပိုးမွှားတွေ အများကြီး သယ်ဆောင်ထားလို့ပါ။ (၁) Bird mites (ငှက်လှေး) (၂) Pigeon ticks (ခိုမွှား) (၃) Bird fleas (ငှက်သန်း) (၄) ဘတ်တီးရီးယား ပိုးများ (၅) ဗိုင်းရပ်စ် ပိုးများ လှေး မွှား သန်း တွေကို အကောင်သေးလို့ အထင်မသေးပါနဲ့။ လူ့ အရေပြားမှာ စိုက်ဝင်နေပြီး ညစဥ်ညတိုင်း သင့်သွေးတွေကို စုပ်နေမှာပါ။ (ညဘက်မှာ အဓိက အစာရှာထွက်ပါတယ်)

လူ့ရဲ့ ခြေထောက် နဲ့ လက်နဲ့ ကို အဓိက ကိုက်တတ်ပါတယ်။ သင်ဟာ ညဘက်မှာ ခြေလက်တွေ ယားလေ့ရှိရင် သတိထားပါ။ ယားတဲ့နေရာကို ကုတ်လိုက်ရင် အဖုအပိန့်တွေ အစဥ်းကြောင်းတွေ ထွက်လာတယ် ဆိုရင် သင် အကိုက်ခံရပါပြီ။ သင့်ရဲ့ သွေးတွေကို အစုပ်ခံနေရလို့ လူက ပုံမှန်အတိုင်း စားသောက် အိပ်စက်ပေမယ့် အားမရှိဘဲ နုံးချိနေတတ်ပါတယ်။

ခြေလက်မှာ အနီစက်တွေပေါ်ပြီး ယားတိုင်း ခြင်ကိုက်တယ်လို့ မထင်ပါနဲ့နော်။ ခြင်ကိုက်တာလား လှေးတွေ မွှားတွေကိုက်တာလား ခွဲခြားလို့ရအောင် ခွဲခြားနည်း ဇယားကွက်လည်း အောက်မှာ ထည့်ထားပေးပါတယ်။ ညဘက်အိပ်ပျော်နေချိန်မှာ ခန္ဓာကိုယ်နဲ့ သွေးက ယားယံနေတဲ့အတွက် နှစ်ခြိုက်စွာ အိပ်မပျော်တော့ဘဲ မနက် အိပ်ရာထချိန်မှာ ညမအိပ်ထားရသေးသလိုမျိုး မူးနောက်နောက် ခံစားရတတ်ပါတယ်။

အဲ့ဒီ အကောင်လေးတွေကို သာမန်မျက်စိနဲ့ မြင်နိုင်ဖို့ ခက်ပေမယ့် သူတို့ ထုတ်တဲ့ အဆိပ်ဓာတ်က ကြောက်စရာပါ။ သူတို့ရဲ့ အဆိပ်ကြောင့် သွေးယားစေပါတယ်။ အလာဂျီ ဖြစ်တာနဲ့ ဆင်တူပါတယ်။ ဒါကြောင့် အကြောင်းရင်း တစ်စုံတစ်ရာ ရှာမတွေ့ဘဲ မကြာခဏ အလာဂျီ ရတတ်တယ်ဆိုရင် ဒီအကောင်တွေကြောင့် ဖြစ်နိုင်တယ်လို့ အင်္ဂလန် မှ ပညာရှင်များက ပြောထားပါတယ်။

မကြာခဏ ယားလွန်းလို့ အရေပြားဆေးခန်း ပြနေရရင် သတိထားသင့်ပါတယ်။ ယားလွန်းလို့ ကုတ်ဖဲ့ရင်လည်း အနာတွေ ဖြစ်တတ်ပါသေးတယ်။ ဒီအကောင်လေးတွေဟာ သွေးကို ပုံမှန်စုပ်နေရမယ်ဆိုရင် ၃ လအထိ အသက်ရှည်ပါတယ်။ ၃ လအတွင်း ဘယ်လောက်အထိ မျိုးပွားမလဲ ဆိုတာကတော့ မတွေးရဲစရာပါဘဲ။ ဒီသန်းတွေ လှေးတွေက ခုန်တတ်ပါတယ်။ အလျားလိုက် ဆိုရင် (၁၃)လက်မ အကွာအဝေးအထိ ခုန်နိုင်တယ်။ ဒေါင်လိုက်ဆိုရင် (၇)လက်မ အထိ ခုန်နိုင်တယ်။

ခိုမှ တဆင့် လူဆီကို ကပ်ပါလာမယ်။ လူ့ရဲ့ အိမ်ထဲ ရောက်လာမယ်။ အိမ်ထဲမှာ မှောင်တဲ့နေရာ၊ ချောင်ကျတဲ့နေရာ၊ လေဝင်လေထွက်နည်းတဲ့ နေရာမှာ အသိုက်ဖွဲ့ပါတော့တယ်။ အိမ်တံခါးဘောင်တွေ၊ အိမ်ခေါင်မိုးတွေ၊ မျက်နှာကျက်တွေ၊ သစ်သားကြမ်းပြင်တွေ၊ ထုတ်တန်းတွေ မှာ အဓိက နေတတ်တယ်။လူအနံ့ရမှ လူပေါ်ကို ခုန်တက်လာပြီး ကိုက်ပါတော့တယ်။ သွေးစုပ်လို့ ဝသွားရင် သူ့အသိုက်ကို ပြန်ပါတယ်။

ဒါဆို ခိုက ဘာမှ မဖြစ်ဘူးလား သန်း လှေး မွှားတွေက ခိုရဲ့ သွေးကိုလည်း စုပ်ယူပါတယ်။ ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို တော့ ခိုက ကယ်ရီယာ လုပ်ပေးပါတယ်။ ကြက်ငှက်တုပ်ကွေးရောဂါကို ကြားဖူးကြမှာပါ။ ခိုကတဆင့် လူတွေဆီ ကူးစက်ပြီး ကပ်ရောဂါအဆင့်အထိ ဖြစ်ပွားတတ်ပါတယ်။ ခိုမွေးတဲ့သူတွေ၊ ခိုစာကျွေးတဲ့သူတွေ ကိုယ့်အန္တရာယ် ကိုယ်မြင်ကြပါစေ။

ချစ်လို့ ခိုမွေးမယ်ဆိုရင် စနစ်တကျ မွေးတတ်အောင် လေ့လာပါ။ ကုသိုလ်ရအောင် ခိုစာကျွေးတယ်ဆိုရင် တခြားနည်းနဲ့ ကုသိုလ်ယူပါ။ တနင်္လာနံကို အစာကျွေးရမယ်ဆိုရင် ငါးအစာကျွေးပါ။ ခြင်အကိုက်ခံတာလည်း တနင်္လာနံကို အစာကျွေးတာပဲနော်။

လူတွေ အစာမကျွေးလည်း ခိုတွေက ရှာစားတတ်ပါတယ်။ ခိုတွေ သေမသွားပါဘူး။ ခိုစာ မဖြစ်မနေ ကျွေးကိုကျွေးရမှ ဆိုရင်တော့ PPE ဝတ်ပါ။ N95 mask တပ်ပါ။ ပြီးရင် အစာသွားကျွေးပါ။ ကိုယ့်အနီးအနားမှာ ခိုအသိုက်ရှိတယ်ဆိုရင်တော့ သူအသိုက်ပြောင်းမလား၊ ကိုယ်အိမ်ပြောင်းမလား စဉ်းစား။ ကိုယ့်အိမ်ရှေ့အိမ်အနီးမှာ ခိုစာကျွေးကြသူတွေရှိရင်တော့ အဲ့လူတွေကို နားလည်အောင် ပြောပြပါ။ စည်းရုံးပါ။ ပြေလို့မရရင်တော့ နေ့တိုင်း မေတ္တာ များများပို့ပါလေ။

ကျွန်မလည်း မေတ္တာပို့ပါတယ်။ သူတို့က ကျွန်မအိမ်ရဲ့ ဆန်းရှိတ်ပေါ်ကို နေ့တိုင်း ဆန်တွေကြဲချပြီး ခိုစာကျွေးလို့ ကျွန်မအိမ်မှာ အကောင်တွေ အများကြီး အသိုက်ဖွဲ့နေပြီလေ။ ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။ ကျွန်မလည်း အသေဝနာ စဗာလာနံ ဟူသော မဂ်လာနဲ့ ပြည့်စုံ၍ ဗာလနံ လူမိုက်တို့နှင့် အမြန်ဆုံး ဝေးဝေးနေနိုင်ပါစေ။ ခွေးသန်း၊ ကြောင်သန်းတွေ အကြောင်းလည်း ရေးဦးမယ်။ သန်းတွေ လှေးတွေကို ဘယ်လို သုတ်သင်ရမလဲ ဆိုတာလည်း ရေးပါဦးမယ်။ Dr.KhineSandarMaw

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page