“ချမ်းသာမယ့်နည်းလမ်းကို သူဌေးဆီ သွားမမေးနဲ့ ဆင်းရဲသားကို သွားမေး” ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်
ရေးသားသူ – Kyaw Swa Min၊ နိုင်ငံမှာ ဆင်းရဲသားများတယ်၊ တလ တသိန်းခွဲ ဝန်ထမ်းတွေများတယ်၊ အလုပ်ကိုစွဲနေတဲ့ workaholic နည်းတယ်။ ကုမ္ပဏီတွေဟာ အလုပ်ကိုလူများများထည့် လုပ်ခနည်းနည်းနဲ့ ရုန်းကန်ချင်ကြတယ်။ များများပေး နည်းနည်းရုန်းတာ စဉ်းစားကြည့်စေချင်တယ်။
ကုမ္ပဏီနဲ့ လုပ်သားတွေကြားထဲ ဘာတွေ ပြင်ရမလဲ။ လူငယ်တွေဟာ ၉ နာရီ ကနေ ၅ နာရီ office hours ကျော်ပြီး အခိုင်းခံရရင် သိပ်ဘဝင်မကျကြဘူး။ အဲ့လိုစိတ်ထားနဲ့ဆို အောင်မြင်ဖို့ လုံးဝမလွယ်ဘူး။ ဘဝမှာ အလုပ်လုပ်ခြင်းကို စွဲမက်သွားအောင် ငယ်တုန်း အတော်ကြိုးစားလုပ်ဖို့လိုတယ်။ သတိထားကြပါ။
မြန်မာကုမ္ပဏီတွေရဲ့ ပြဿနာက ဘာလဲ ဆိုတော့ အလုပ်ခန့်တဲ့အခါ အလုပ်ရဲ့ nature သေချာရှင်းပြပြီး စာချုပ်ချုပ်တာ ခိုင်းတာမျိုး အလေ့အကျင့် နည်းတယ်။ လိုအပ်လို့အချိန်ပိုလုပ်ကြရပြီဆိုရင် ဝန်ထမ်းက ငြိုငြင်လာရော။
အစကတည်းက ဝန်ထမ်းကို ဒီအလုပ်က အချိန်ပိုလုပ်ရတယ်၊ ဘာတွေလုပ်ရမယ် ၊ ဘယ်နေရာတွေမှာ မင်းရဲ့တာဝန် စတာဖြင့် SOP standard operating procedures တွေ ရှင်းပြပြီး ကြိုက်မှဝင်၊ မကြိုက်ရင် မလုပ်နဲ့ ပြတ်ပြတ်ပြောနိုင်ရင် ဝန်ထမ်းရဲ့ expectation ထဲမှာ အချိန်ပိုလုပ်ရတာ အလုပ်သဘာဝလို့ လက်ခံသွားရင် ငါးနာရီ ဒေါင်ဆို မပြန်ရရင် ငြိုငြင်တဲ့ ပြဿနာတွေမတက်ဘူး။
နောက်တခုက အလုပ်ချိန်မှာ အီးယောအီးယောပြဿနာ၊ အဲ့ဒီပြဿနာက ကုမ္ပဏီ နဲ့ ဝန်ထမ်းကွဲနေလို့ ဖြစ်တာ၊ ကုမ္ပဏီ ကို ကိုယ့်ရီးစားလို့သဘောထားတဲ့ ဝန်ထမ်းဆိုရင် မရှိရှိတာ ရှာလုပ်မှာပဲ၊ တိုးတက်အောင်ကြိုးစားနေမှာပဲ၊ ကုမ္ပဏီ တိုးတက်ဖို့ဆိုတာ ပိုင်ရှင့်တာဝန်၊ ငါတို့တာဝန်က သူခိုင်းမှလုပ်ဖို့ လို့ မြင်ရင် ဘယ်ကုမ္ပဏီမှ မတိုးတက်ဘူး။
လူငယ်တွေဟာ နိုင်ငံခြားသွားချင်ကြတယ်။ ဟိုရောက်တဲ့အခါ အလုပ်ချိန်မှာ သေအောင်လုပ်ရတာ ကြုံလာကြမှာပဲ။ နိုင်ငံခြားကုမ္ပဏီတွေမှာ သူ့ကုမ္ပဏီကို သူ့ရီးစားလို့ သဘောထားတဲ့ ခေါင်းဆောင်တွေ အများကြီးရှိတယ်။ ကိုယ့်ကို အလုပ်ချိန်အတွင်း ေ-သအောင်ခိုင်းမယ် မှတ်ပါ။
ဘာလို့ မြန်မာပြည်မှာ ပေါ့ပေါ့လုပ်- နိုင်ငံခြားကျမှ ေ-သအောင်လုပ်မယ်ဆိုတဲ့ စိတ်ထားမှာလဲ။ ဒီမှာ လုပ်ခ နည်းလို့လား၊ ဟုတ်ပြီ ကိုယ်တကယ်ကြိုးစားရင်၊ ကိုယ့်ကုမ္ပဏီအောင်မြင်ရင် လုပ်ခက နောက်က လိုက်လာမှာပဲ။
လူငယ်ဘဝမှာ လူငယ်လို ပင်ပင်ပန်းပန်း ရုန်းဖို့လိုတယ်၊ လူငယ်အတွက်ပင်ပန်းတာ ဘာမှ မဖြစ်ဘူး၊ လူငယ်ဘဝမှာ အီးယောအီးယောဆို လူကြီးဖြစ်လာမှ လူငယ်လို ရုန်းရရင် မချောင်ဘူး။ အသက်တိုတတ်တယ်။ လူငယ်တွေကို အရင်ပြောဖူးတဲ့စကား လက်ဆောင်ထပ်ပေးချင်တယ် “ချမ်းသာချင်ရင် သူဌေးကို ဘယ်လိုအောင်မြင်လာတာလဲ သွားမမေးနဲ့၊ ဆင်းရဲသားကိုမေး”
သူဌေးတွေကိုမေးရင် သူ့ဘာသူ ချဲရောင်းလို့ချမ်းသာချမ်းသာ စိန်လက်စွပ်တကားကားနဲ့ စာအုပ်ထဲက ဖီလော်ဆော်ဖီတွေ ပြောကြလိမ့်မယ်။ ချမ်းသာချင်ရင် ဆင်းရဲသားတွေကိုသွားမေး၊ သူတို့ဘဝကို သေချာကြည့် ဘယ်လိုလုပ်ကိုင် နေထိုင်စားသောက်ပြီး ဘယ်လို အယူဝါဒစွဲကိုင်ပြီး ဘဝကိုဘယ်လို ဖြတ်သန်းခဲ့လို့ ဒီလိုဆင်းရဲတာလဲ မြင်အောင်ကြည့်။ ပြီးရင် အဲ့ဒီဆင်းရဲသားရဲ့ဘဝခံယူချက်တွေ ကိုယ့်ဘဝထဲက အကုန်ပယ်၊ အဲ့ဒါဆို ချမ်းသာပြီ။ သိပ်မခက်ဘူး။