ရွှေမြန်မာတွေ ခေါင်းစားသွားရတဲ့ ထူးဆန်းတဲ့ အလင်းတန်းကြီးရဲ့ နောက်ကွယ်က အကြောင်းရင်း

ယနေ့ ည ၇ နာရီဝန်းကျင်လောက်မှာ မြန်မာပြည်ရဲ့ ကောင်းကင်ယံမှာ ထူးဆန်းတဲ့ အလင်းတန်းကြီးတခု မြောက်မှ တောင်သို့ ရွေ့လျားသွားတာကို လူအတော်များများ တွေ့ခဲ့ကြပါတယ်။ အဆိုပါ အလင်းတန်းကြီးကို စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ အပါအဝင် ပြည်နယ်နဲ့ တိုင်းတချို့က ထင်ထင်ရှားရှား တွေ့မြင်ခဲ့ကြတာ ဖြစ်ပါတယ်။

ယင်းအလင်းတန်းကြီးနဲ့ ပတ်သက်ပြီး ပြည်သူများက အမျိုးမျိုး ထင်ကြေးပေးခဲ့ကြပါတယ်။ တချို့က စကစရဲ့ လ-က်န-က်ဆန်းတခုလို့ ထင်မှတ်ခဲ့ကြပြီး တချို့ကတော့ ဥက္ကာပျံခြင်း၊ ရဟန္တာ ဈာန်ပျံခြင်း စတဲ့ မှတ်ချက်များ ပေးခဲ့ကြပါတယ်။

လူမှုကွန်ရက်ပေါ်မှာတော့ နာဆာမှ လွှတ်တင်တဲ့ ဒုံးပျံ ဖြစ်တဲ့အကြောင်း ကနဦး သတင်းများ ထွက်ပေါ်ခဲ့ပြီး နောက်ပိုင်းမှာ ကမ္ဘာ့ဘေးနားက ဖြတ်သန်းသွားတဲ့ ဥက္ကာခဲ ဖြစ်တဲ့အကြောင်း ရေးသားခဲ့ကြပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ အဆိုပါ အလင်းတန်းကြီးရဲ့ အဖြစ်မှန်ဟာ ပေါ်ပေါက်လာခဲ့ပါတော့တယ်။

အဆိုပါ အလင်းတန်းကြီးရဲ့ ဇစ်မြစ်ကတော့ ယနေ့ (၁၅-၁၂-၂၀၂၂) ရက်နေ့က အိန္ဒိယ စံတော်ချိန် ည ၇ နာရီဝန်းကျင်ခန့်က လွှတ်တင်ခဲ့တဲ့ တိုက်ချင်းပစ်ဒုံးပျံ Agni 5 ပဲ ဖြစ်ပါတယ်။ နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်တဲ့ Agni 5 ဒုံးပျံကို အိန္ဒိယနိုင်ငံ အဗ္ဗဒူ ကာလမ် လွှတ်တင်ရေး စခန်းကနေ အိန္ဒိယ သမုဒ္ဒရာထဲသို့ ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

Agni 5 ဒုံးပျံဟာ ကီလိုမီတာ ၅၀၀၀ ကျော် ကွာဝေးတဲ့အထိ ပစ်ခတ်နိုင်ပြီး အိန္ဒိယနိုင်ငံရဲ့ အဝေးဆုံး ရောက်ရှိနိုင်တဲ့ နျူကလီးယား ထိပ်ဖူးတပ် တိုက်ချင်းပစ် ဒုံးပျံပဲ ဖြစ်ပါတယ်။ ယခုတခေါက် စမ်းသပ်မှုဟာ ညပိုင်း ပစ်ခတ်မှုကို စမ်းသပ်ခဲ့ခြင်း ဖြစ်ပါတယ်။

အလင်းတန်းကြီးကို မြင်တွေ့ရတဲ့ မြန်မာပြည်သူတွေ မလန့်ဖို့ အိန္ဒိယ လူမှုကွန်ရက်အသုံးပြုသူတဦးက ရေးသားထားပါတယ်။ ဒုံးပျံတွေ မကြာခဏ ပစ်လွှတ်လေ့ ရှိတဲ့ ဒေသတွေမှာ ယခုမြင်ကွင်မျိုးဟာ မထူးဆန်းတော့ပေမယ့် မမြင်ဘူး မကြားဖူးကြတဲ့ ရွှေမြန်မာတွေ အတွက်ကတော့ အထူးအဆန်းအနေနဲ့ ဖြစ်နေပါတယ်။

အဆိုပါ ဒုံးပျံ စမ်းသပ်မှုကြောင့် အိန္ဒိယအစိုးရဟာ ဒီဇင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်မှာ အိန္ဒိယသမုဒ္ဒရာရဲ့ နေရာအချို့ကို အန္တရာယ်ဇုန်အဖြစ် ကြိုတင်ကြေညာထားခဲ့ပါတယ်။ ယခုလို အဖြေပေါ်လာပြီ ဖြစ်တဲ့အတွက် ရွှေမြန်မာတွေအနေနဲ့ ကြောက်လန့်တကြား ဖြစ်နေတဲ့ စိတ်တွေ အနည်းငယ် သက်သာရာရမယ်လို့ ထင်မိပါတယ်။ နောက်ထပ်လည်း ယခုလို ထူးဆန်းတာတွေ ဖြစ်ပေါ်လာခဲ့ရင် အလျင်စလို ကောက်ချက်ချတာတွေ မပြုလုပ်ကြပါနဲ့လို့ အသိပေး လိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page