ဆရာအကြည်တော် တုံးကျော်ပြီ (သတင်းမှားတွေကို သေချာ စိစစ်ပြီးမှ ယုံကြည်ရန် လိုအပ်)

ယနေ့ည ၇ နာရီခွဲ အချိန်မှာ ပြည်သူတွေ အသည်းစွဲ နိုင်ငံကျော် စာရေးဆရာ အကြည်တော် ဆုံးပြီဆိုတဲ့ သတင်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ပြည်သူတွေချစ်တဲ့ စာရေးဆရာတဦး ဖြစ်တာကြောင့် စိုးရိမ်ကြသူတွေ၊ သတင်းမေးကြသူတွေ၊ ဝမ်းနည်းကြသူတွေ အများအပြား ရှိခဲ့ပါတယ်။

အဆိုပါ သတင်းဟာ သတင်းမှားသာ ဖြစ်ပြီး ဆရာအကြည်တော် တယောက် အခြေအနေ တိုးတက်လာတယ်လို့ နီးစပ်သူများက လူမှုကွန်ရက်မှာ တင်နေကြပြီ ဖြစ်ပါတယ်။ ဆရာအကြည်တော်ဟာ အောက်တိုဘာ ၁၃ ရက်နေ့ညမှာ အရေးပေါ် အခြေအနေနဲ့ ပင်လုံဆေးရုံမှာ တက်ရောက် ကုသနေရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ သတိမရသေးပေမယ့်လည်း အရေးပေါ် ဖြစ်ကာစကထက် အခြေအနေ ပိုမိုကောင်းမွန်လာပြီလို့ သိရပါတယ်။

ဆရာအကြည်တော်ရဲ့ လက်ရှိအခြေအနေကို အသေအချာမြင်တွေ့ခဲ့ရသူတဦးက လူမှုကွန်ရက်မှာ ယခုလို ရေးသားထားပါတယ်။ “ဦးကို (အကြည်တော်) နေကောင်းပါတယ် တစ်ရက်နဲ့တစ်ရက် ပိုသက်သာလာပါပြီ။ မိသားစုဝင်တွေ နားချိန်တောင်မရ နေ့ရောညရော တစ်မိနစ်လေးမှမပြတ်သွားပဲ သူ့အနားမှာဂရုစိုက်ပေးနေကြပါတယ်။ အကုန်လုံး ဂရုစိုက်နေတဲ့ကြားကနေ ဆုံးပြီဆိုတဲ့သတင်းတက်လာရင် အရမ်းစိတ်ဆိုးရပါတယ် တစ်ခုခုဆို မိသားစုဝင်တစ်ဦးအတည်ပြုမှသာ အမှန်လို့ယုံပေးပါ သတင်းအမှားတွေယုံပြီး လျှောက်မရေးကြပါနဲ့ ဦးကို(အကြည်တော်) နေကောင်းပါတယ်။” (မီ)

နာမည်ကြီး အနုပညာရှင်များနဲ့ ပတ်သက်တဲ့ ယခုလို သတင်းမျိုး လူမှုကွန်ရက်မှာ မကြာခဏ တက်လာလေ့ ရှိပြီး ချစ်ခင်တဲ့ ပြည်သူများကလည်း စိုးရိမ်တကြီး ဖြစ်လေ့ ရှိတာကြောင့် သတင်းအတုတွေကို အသိ သတိနဲ့ သေချာစိစစ်ပြီးမှ ယုံကြည်ကြဖို့ လိုအပ်ပါတယ်။ ယခုခေတ်လို ဆက်သွယ်ရေး အားကောင်းတဲ့ ကာလမှာ သတင်းအတုတွေ ပျံ့နှံ့တာ မြန်သလို မှန်၊ မမှန် စိစစ်ဖို့လည်း လွယ်ကူလှပါတယ်။

အဲဒါကြောင့် သတင်းအတုတွေကို ချင့်ချိန်ပြီးမှ မျှဝေကြဖို့ အကြံပြုလိုက်ရပါတယ်။ အတွေးကောင်း အရေးကောင်းတဲ့ ဆရာအကြည်တော်လည်း တုံးကျော် သွားပြီ ဖြစ်လို့ အမြန်သက်သာ ကျန်းမာလာပြီး အရင်လို စာကောင်းပေမွန်တွေ ပြန်ရေးနိုင်ပါစေလို့ ဆရာ့ရဲ့ ပရိသတ်တွေ ဝိုင်းပြီး ဆုတောင်း ပေးလိုက်ကြရအောင်ပါဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page