နားလည်မှု လွဲနေကြတဲ့ ပံ့သကူရဲ့ အဓိပ္ပာယ်အမှန်နဲ့ ပံ့သကူ အလှူလုပ်ပုံ နည်းလမ်းများ

“ပံ့သကူ ဆိုတာ” မသိနားမလည်သေးသူများအတွက် ဗဟုသုတရစေရန် ဖတ်ကြည့်ပါ။ မြန်မာလူမျိုးတွေရဲ့ ချစ်စရာ အလေးအနက်ထား လေးစားစရာကောင်းသော အလေ့အထတခုပါ ဒီဘက်ခေတ်မှာ လူငယ်တော်တော်များများ မကြားဖူးတော့ဘဲ တိမ်မြုပ် ပျောက်ကွယ်လာပြီ ဖြစ်တဲ့ အလေ့တစ်ခုပါ။

မိမိ လှူချင်၊ တန်းချင် တဲ့ ပစ္စည်း ၊ ငွေကြေး ၊ အသုံးအဆောင် ပစ္စည်း တစ်ခုခု ကို အိတ်တစ်လုံးထဲမှာ ထည့်ပါ။ ပြီးရင် လူ မမြင်နိုင်တဲ့ အချိန်မှာ လမ်းနေရာတစ်ခုခု မှာ သွားပြီး ချထားပါ။ ခြွင်းချက် နည်းနည်း ရှိပါတယ်။ အဲဒီလို ချထားတဲ့အခါမှာ ဘယ်သူ မှ သိလို့ မဖြစ်ပါဘူး ။ ကိုယ် တစ်ယောက် သာ သိရပါမယ်။ လူသွားလမ်း နဲ့ လူတွေ တွေ့မြင်နိုင်တဲ့ နေရာမျိုးလည်း ဖြစ်ရပါမယ်။ အလှူဆိုပြီး ရေထဲ ပစ်ချလိုက်သလို မျိုးတော့ မဖြစ်ရပါဘူး။

နောက် တစ်ရက်မှာ မိမိ လှူလိုက်တဲ့ ပစ္စည်း ကို ရသွားတဲ့ လူ က ကောင်းချီးမင်္ဂလာ ပေးတဲ့အခါ မှာ ကုသိုလ် ရပါလိမ့်မယ်။ အဲဒီကုသိုလ် ဟာ (ရှေး အရင် က ရဟန်းတွေ ဟာ လှည့်လည် အလှူခံခြင်း မပြုဘဲ ၊ အမှိုက်ပုံ စတဲ့ နေရာတွေကနေ အ၀တ်စုတ်၊ တွေ ကောက်ယူပြီး သင်္ကန်း ချုပ်၀တ်လေ့ရှိပါတယ်။ အ၀တ်ကောင်းကောင်း လေး ရပြီဆိုရင် အဲဒီ ရဟန်းအဖို့ တစ်နွေစာ တရားအားထုတ်လို့ ရနိုင်ပြီပေါ့)

ခုန ရဟန်းတစ်ပါး ဟာ အ၀တ်ကောင်းကောင်း လေး တစ်ခု ရသွားတဲ့ အခါ မှာ ဖြစ်တဲ့ ပီတိ နဲ့ အလားတူပါတယ်။ ကုသိုလ်ရပုံချင်းလည်း တူပါတယ်။ – ဒါကြောင့် ” ပံ့သကူ ပစ်တယ်” ဆိုတဲ့ စကား ပေါ်ပေါက်လာတာပါ။ ယခုအခါမှာတော့ ပံ့သကူ ပစ်တာကို ပြန်လည်ဖော်ထုတ်နေကြတာ အလွန်ပင်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

တန်ဆောင်မုန်းလပြည့်ည ၁၂ နာရီမှာ ပံ့သကူပစ်ပါ။ ကိုယ်ပြန်ရမယ့် စီးပွား လာဘ်လာဘ ကိုမမျှော်ကိုးပဲ စိတ်စေတနာ သန့်ရှင်းစွာ ပံ့သကူပစ်ပါ။ အစစအရာရာ ကြပ်တည်းလာတဲ့ ခေတ်မှာ ပံ့သကူပစ်ပါ ရတဲ့သူ ပျော်ရွှင်ပါစေ။ ငွေပမာဏ နည်းသည် ဖြစ်စေ ၊ များသည်ဖြစ်စေ၊ ပစ္စည်း နဲသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ ကိုယ်တတ်နိုင်သည့် ပမာဏလေးကို စေတနာ များစွာဖြင့် ပံ့သကူပစ်ပါ။

နောင်ဘဝရမည့်ကုသိုလ်၊ ယခုရမည့် ကုသိုလ် အသာထား ကြပ်တည်းနေကြတဲ့ အချိန်မှာ ကိုယ့် ပံ့သကူလေးကြောင့် ရတဲ့သူပျော်သွားရင် ကိုယ်ပီတိဖြစ်ရတာက အခုချက်ခြင်းရတဲ့ အကျိုးကျေးဇူးပါပဲ။ သူခိုးကြီးညမှာ စနောက်ပြီး ကျီးမနိုးပွဲလုပ်ကြသလို။ ပံ့သကူပစ်ပွဲ အစဉ်အလာလေးလဲ ဆက်ထိန်းသိမ်းကြပါစို့နော်။

ငွေ ၅၀၀ ဖြစ်စေ၊ ဆန်အိပ်သေးသေးလေးဖြစ်စေ၊ ဖန်ခွက်လေး တစ်ခုဖြစ်စေ ပံ့သကူပစ်ပါသည်လို့ စာလေးရေးပြီး ပံ့သကူပစ်ကြပါနော်။ ပံ့သကူရတဲ့ သူကလည်း မည်သူမည်ဝါပေးမှန်းမသိတော့ ဦးဘယ်သူက၊ ဒေါ်ဘယ်သူက ငါ့ကို ပေးကမ်းထားတာပဲဆိုတဲ့ အကြွေးလို ခံစားရမည့်အသိ ကျေးဇူးကြွေး ဝန်ထုပ်ဝန်ပိုးလည်း မရှိတော့ဘူး။ သူလည်း လွတ်လွပ်စွာ ပျော်၊ ကိုယ်လည်း ပုဂ္ဂိုလ်စွဲမရှိ ဖြူစင်စွာလှူ ဘယ်လောက် ဖြူစင် အေးချမ်းလိုက်သလဲ။

ပံ့သကူပစ်တဲ့ အခါ အန္တရာယ်ရှိ ပစ္စည်းလား၊ မသမာတဲ့ ပစ္စည်းလား ဆိုပြီး မြင်တဲ့သူ စိတ်မပူရအောင် ကိုယ်လှူမယ့် ပစ္စည်းက ၁။ အိတ်နဲ့ ထည့်မှ ရမည်ဆိုလျှင် ကြွပ်ကြွပ်အိတ် အကြည်သုံးပေးပါ။ ၂။ အိတ်မလိုရင် ဒီအတိုင်းလေး ပစ်ပါနော် အထူးအရေးကြီးတာက “ပံ့သကူပစ်ပါသည်” ဆိုတဲ့ စာလေး ကပ်ထားပေးနော် ရတဲ့သူတွေ ဘေးကင်းပြီး သောက ကင်းစွာ ရယူနိုင်ကြပါစေ။ တန်ဆောင်မုန်းလပြည့်ညမှာ ပံ့သကူပစ်တဲ့ အစဉ်အလာလေး ပိုပြီးတွင်ကျယ်လာအောင် တစ်ဖက်တစ်လမ်းက ပါဝင်ကြမယ်နော်။ ရယူတဲ့ ပျော်ရွှင်မှုထက် ပေးကမ်းလို့ရတဲ့ ပျော်ရွှင်မှုက ပိုအေးချမ်းရတယ် မဟုတ်လား။

ပံ့သကူရဲ့ တကယ့်အနက်အစစ်က ပံသုကူလ ဆိုတဲ့ ပါဠိစကားကနေ ဆင်းသက်လာခဲ့တာ ဖြစ်ပြီး ပံသုကူလ၊ ပံသုကူ ထိုမှတဆင့် ပံ့သကူလို့ ခေါ်ဝေါ်လာခဲ့ကြတာဖြစ်ပါတယ်။ (ပံသုဆိုတဲ့ပုဒ်က မြေကြီး ဖြစ်ပါတယ်) အဓိပ္ပါယ်ကတော့ ပါပံသုကူလ မြေမှုန့်ကဲ့သို့စက်ဆုတ်ဖွယ်ကောင်းသောအဝတ် လို့ အဓိပ္ပါယ်ရပါတယ်။

လူတွေက မိမိတို့မလိုချင်တော့တဲ့ မဝတ်ချင်တော့တဲ့ ဝတ်မရတော့လောက်အောင် ပျက်စီးနေတဲ့ အဝတ်အထည်တွေကို အမှိုက်ပုံသို့ စွန့်ပစ်လေ့ရှိကြပြီး ထိုခေတ်အခါက လူတွေသေလွန်ကြတဲ့အခါ အလောင်းကောင်ကို အဝတ်ပတ်ပြီးသုသာန်တစပြင်မှာ လာပစ်ထားကြလို့ဘဲဖြစ်ပါတယ်။

ရဟန်းတော်တို့ဟာ ဒီလိုလာပစ်ထားကြတဲ့ အဝတ်အထည်စတွေကို ကောက်ယူပြီးမှ သစ်ခေါက်ရည်ဆိုးခြင်း ချုပ်လုပ်ခြင်း စသည်တို့ကို ပြုလုပ်ကြရပြီး သင်္ကန်းအဖြစ်နဲ့ ဝတ်ရုံဆင်မြန်းခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီသင်္ကန်းမျိုးကိုလည်း ပံသုကူလစီဝရံ ပံ့သကူသင်္ကန်းလို့ ခေါ်ဝေါ်ခဲ့ကြတာ ဖြစ်ပါတယ်။

(ဒီနေရာမှာ အများစုအလွယ်နားလည်အောင် ဒဲ့ပြောရရင်တော့ ပံ့သကူဆိုတာ လူတို့စွန့်လွတ်လိုက်သောဝတ္ထုပစ္စည်း(သို့) ပိုင်ရှင်မရှိတော့သောစွန့်ပစ်ပစ္စည်းလို့ဆိုရင် ပိုမိုနားလည်လွယ်ပါလိမ့်မယ် ဤကား။ စကားချပ်)

အခုခေတ်အခါကာလတွေမှာလည်း တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း လပြည့်နေ့မနက်အစောပိုင်းအချိန်ကာလတွေမှာ လူသူလေးပါး ကင်းဆိတ်ချိန်ကို ရွေးပြီး လူမြင်သာတဲ့ လမ်းဆုံလမ်းခွနေရာမျိုးတွေမှာ ငွေ၊ အဝတ်အထည် စသည်တို့ကို စွန့်ချထားခဲ့ကြပြီး အယုတ်အလတ်အမြတ်မရွေး မြင်တွေ့သူတို့ ရကြပါစေ။ ရရှိပြီးလည်းဝမ်းမြောက်ပျော်ရွှင်နိုင်ကြပါစေလို့ အနှောင်အဖွဲ့ကင်းတဲ့ ကုသိုလ်ဒါနစိတ်တွေနဲ့ ပံ့သကူပစ်(ပေးလှူ)နေကြတာပဲ ဖြစ်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page