ရွှေမြန်မာတို့ အတုယူသင့်တဲ့ တရုတ်ကုန်သည်တွေရဲ့ လှည့်ကွက်နဲ့ စီးပွားရှာကြပုံများ
တလောက ရွှေလီမြစ်ထဲ ပြောင်းဖူးတွေသွန်ပစ်တဲ့သတင်းတွေ ဖရဲသီးတွေ ရောင်းမရလို့ဆိုပြီး ဒါးနဲ့ခုတ်ပြီး လွှင့်ပစ်တဲ့ ဗီဒီယိုတွေ တက်လာတော့ ကျနော်တရုတ်ပြည်မှာ သွားနေခဲ့ဖူးတဲ့အချိန်ကိုသတိရတယ်၊
တရုတ်တွေက စီးပွားရေးကို စီးပွားရေးလိုဘဲလုပ်ပါတယ် ကျနော့သူငယ်ချင်းပြောဖူးတာက စီးပွားရေးမှာ အားနာတာတို့ ကိုယ်ချင်းစာတာတို့ သနားတာတို့ သွားလုပ်ရင် ရေရှည်မှာမွဲမှာတဲ့၊ကျနော်လဲ အဲ့စိတ်ကြောင့်မွဲခဲ့ဖူးပါတယ်၊ အဲ့နောက်ပိုင်း သိပ်မအားနာတတ်တော့ပါ၊ ဘဝကသင်ပေးတယ်လို့ဘဲ ပြောရမှာပါ။
တရုတ်တွေက သီးနှံပေါ်ချိန်ဆို မြန်မာပြည်ကနေ အသီးအနှံတွေ ကားအစင်းလိုက်ဝယ်ပါတယ်၊ ဖရဲသီး သရက်သီး ပြောင်း အစုံဝယ်ပါတယ် ဝယ်ဝယ်ခြင်းလဲဈေးကို ပုံမှန်ပေါက်ဈေးထက် မြှောက်ပီးဝယ်ပါတယ်၊ အဲ့လိုဝယ်လို့ ကျယ်ဂေါင်ထဲမှာရော မူဆယ်မှာရော ဖရဲကား ပြောင်းကား သရက်ကားတွေ ပုံအောလာပီဆိုတာနဲ့အဝယ်ချပါလေရော..
သီးနှံကပုတ်ကုန်ပါ ဟိုအကြောင်းပြ ဒီအကြောင်းပြ အချိန်ဆွဲပါတယ် နောက်ဆုံးကုန်သည်က စရိတ်ထောင်း ဘယ်လောက်ဈေးနဲ့ ရအောင်ညှိပြီး အောက်ဈေးနဲ့ရောင်းရတာ နှစ်တိုင်းပါ။ တရုတ်က အဲ့ထဲကနေ သီးနှံတွေကို အဆင့်ဆင့်ခွဲပီး အသီးလိုက်တမျိုး စည်သွပ်ဗူးတမျိုး ဖျော်ရည်တမျိုး ယိုဘူးအမျိုးမျိုးတွေ ထုတ်လုပ်ပီး တံဆိပ်လှလှလေးနဲ့ အိပ်စပိုစ့်ပြန်လုပ်ပါတယ်၊ အစေ့ကို မျိုးပြန်လုပ်ပါတယ် ဘာမှ အလေအလွှင့်မရှိပါ၊ အဓိကနည်းပညာကို အသုံးချသွားပီး စီးပွားရေးလုပ်ကြတာပါ၊
ကျနော့သူငယ်ချင်းက ကြံပေါ်ချိန်ဆို ကြံတကာတွေ မြန်မာပြည်ကဝယ်ပါတယ် သူလဲအဲ့လိုပါဘဲ ပထမဈေးကောင်းပေး နောက်ပုံလာရင် လျော့ဝယ်၊ ကြိုက်ရဲ့သားနဲ့ပစ်ထား ကြံတကာတွေ ကားထဲအရည်ပျော် ဂိုထောင်ထဲအရည်ပျော်မှအောက်ဈေးနဲ့ဝယ်ပါတယ်။ ပြီးရင် သူ့စက်ရုံက သူတို့လင်မယား ၂ ယောက်ဘဲလုပ်တာပါ။
မြန်မာ ကြံတကာခဲတွေကို ပေါင်းအိုးထဲပြန်ကြိတ်ပီးဖျော်ပါတယ် ပြီးရင် ချွတ်ဆေးတွေထည့် နည်းပညာနဲ့ စစ်လိုက်တဲ့အခါ ထွက်လာတဲ့ကြံတကာရေတွေက အမဲမဟုတ်ဘဲ အဖြူတွေဖြစ်လာပါတယ် အဲ့ကြံတကာတွေကို ပုံစံခွက်ထဲလောင်းထည့်ပီး အအေးခန်းမှာ ခဲအောင်လုပ်ပြီးတာနဲ့ ပလပ်စတိတ်နဲ့ လှလှပပပါကင်ပြန်ထုတ် ဂျပ်ဖာထဲထည့်ပါကင်ပိတ်ပီး အိပ်စပိုစ်ပြန်ပို့ပါတယ်။
မြန်မာပြည်က ဝယ်တုန်းက ကြံတကာက မဲမဲသဲသဲ ဝါးရွက်နဲ့ထုပ်ထားတဲ့ကြံတကာတွေက သူ့ဆီကနေထွက်လာရော ဖြူဖွေးသန့်ရှင်းပီး ပါကင်ပိတ် စားချင်စရာ ကြံတကာ အဝိုင်းလေးတွေဖြစ်လာပါလေရော၊ နည်းပညာကွာသွားတဲ့အခါ မြန်မာကနေ မိတ်အင်တရုတ်ထုတ်ဖြစ်သွားခဲ့ပါတယ်။
အသားဗူးတွေလဲ ဒီလိုပါဘဲ၊ အခုချိန်မှာ တရုတ်မပြောနဲ့ ဗီယက်နမ်တို့ လာအိုတို့တောင် စည်သွပ်ဗူးတွေ နိုင်ငံခြားကိုပို့နေပါပြီ
ရွှေမြန်မာတို့ အတုယူဖို့အတွက် တရုတ်ကုန်သည်တွေရဲ့ စီးပွားရှာနည်းတွေပါ။
J Ko Htay