မင်းကွန်းဆရာတော်ကြီး ဟောကြားတဲ့ အသက်ကြီးသူတိုင်း ဆောင်ထားသင့်တဲ့ “ဝ သုံးလုံး” အကြောင်း

မင်းကွန်းဆရာတော်ကြီး မုံရွာမြို့သို့ ကြွတော်မူသောအခါ – ဆရာတော်ကြီးနှင့် အလွန်ရင်းနှီးကျွမ်းဝင်သော အသက်၈၀ကျော် အဖွားအိုတစ်ဦးက ကြုံတုန်းကြုံခိုက် …သူမကို ဆုံးမသြဝါဒ ပေးသနားဘို့ လျှောက်တင်ပါတယ်။

ဆရာတော်ကြီးက – “ဒကာမကြီး … အသက်အရွယ်ကြီးရင့်လာပြီဆိုတော့ “ဝ”သုံးလုံး ဆောင်ထားဗျ။ ၁။ ဝ ဝ စား အသက်အရွယ်တွေက ကြီးရင့်လာပြီဆိုတော့ ကိုယ်ခန္ဓာက အားအင်တွေ တစ်နေ့တစ်ခြား ဆုတ်ယုတ်လာပြီ။ ဝဝစားမှ အားရှိမှာ … အားရှိမှ တရားဘာဝနာကို အားထုတ်နိုင်မှာ … ဒါ့ကြောင့် ဒကာမကြီး ဝဝစားပါ။

၂။ ဝေးဝေးနေ အသက်ကြီးလာပြီဆိုတော့ ချေးမနိုင် သေးမနိုင် ချောင်းတဟတ်ဟတ်ဆိုတော့ သားသမီးတွေက အနားကပ်တာ သိပ်ကြိုက်ကြတာမဟုတ်ဘူး။ သူတို့ရဲ့ ချေးသေးကိစ္စအဝဝကို ကိုယ်က မရွံမရှာ သုတ်သင်ပေးခဲ့ပေမယ့် သူတို့အလှည့်ကျတော့… ရွံရှာတတ်ကြတယ်။ သူတို့နှင့် ဝေးဝေးနေမှ အမုန်းမခံရမှာ။ ဒါကြောင့် … ဝေးဝေးနေပါဒကာမကြီး ဝေးဝေးနေနိုင်ရင်တော့ ဒကာမကြီး စိတ်ချမ်းသာလိမ့်မယ်။

၃။ ဝင်မရှုပ်နဲ့ သားသမီးတွေရဲ့ လူမှုရေး စီးပွားရေး အရေးမှန်သမျှကို ဝင်မရှုပ်ပါနဲ့။ ကိုယ်က ဝင်ရှုပ်လိုက်လို့ သားသမီးတွေ မကျေမနပ်ဖြစ်ပြီး “ခင်ဗျားကြီး ဘာသိလို့ ဝင်ရှုပ်တာလဲ” ဟု အပြောခံရရင် ကိုယ်ပဲ စိတ်ဆင်းရဲရတတ်တယ်။ သူတို့ အရေးမှန်သမျှကို ဘာမျှ ဝင်မရှုပ်ပဲနေရင် … ဒကာမကြီး စိတ်ချမ်းသာလိမ့်မယ်။

ကဲ… ဘုန်းကြီးပေးတဲ့ “ဝ” ၃လုံးသုံးကို ဆောင်ထားပေတော့ဗျာ” ဟု ထိမိလှသော သြဝါဒကို မိန့်ချွေတော်မူပါသည်။ မှတ်သားစရာကောင်းလှ၏ …။ ဒကာ ဒကာမတွေ အားလုံး အသက်အရွယ် ကြီးရင့်လာတဲ့အခါ “ဝ”သုံးလုံးကို ဆောင်ဘို့မမေ့ရန် လက်တို့လို့ သတိပေးလိုက်တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page