ကန်စွန်းရွက် ဝယ်သူတွေ အထူး ဂရုပြုရမယ့် အဖြစ် (ဝိသမလောဘသားတွေရဲ့ လုပ်ကွက် တခု)

အစားအသောက် ကြိုက်နှစ်သက်သူတွေ အများအပြား ရှိကြတဲ့ စားကြမယ် ချက်ကြမယ် လူမှုကွန်ရက်ဂရုမှာ လူပြောများနေတဲ့ ပို့စ်တခုကတော့ ဈေးထဲက ဝယ်လာတဲ့ ကန်စွန်းရွက်တွေပေါ်မှာ စိမ်းပြာရောင် အရည်တွေ ပါဝင်လာတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

ပို့စ်တင်သူက ဈေးထဲက ဝယ်လာတဲ့ ကန်စွန်းရွက်တွေပေါ်မှာ ထူးဆန်းပြီး ပုံမှန်မဟုတ်တဲ့ စိမ်းပြာရောင် အရည်တွေ ပါဝင်လာတာကြောင့် မေးမြန်းထားခြင်း ဖြစ်ပါတယ်။ အဆိုပါ ဆေးရည်တွေဟာ မှိုသတ်ဆေး (သို့) ပိုးသတ်ဆေး ဖြစ်နိုင်ကြောင်း လူမှုကွန်ရက် အသုံးပြုသူတွေက ပြန်လည် ဖြေကြားထားပါတယ်။

ဝယ်လာတဲ့ ကန်စွန်းရွက် ၃ စည်းလုံးမှာ ထူးဆန်းတဲ့ စိမ်းပြာရောင် ဆေးရည်များ ပါဝင်နေတာ ဖြစ်ပြီး မစားရဲတာကြောင့် လွှင့်ပစ်လိုက်တယ်လို့ သိရပါတယ်။ ကန်စွန်းရွက် စိုက်ပျိုးရောင်းချသူတွေဟာ အရွက်လှပြီး အပင်သန်ကာ ရောင်းတမ်းဝင်ဖို့အတွက် မှိုသတ်ဆေးများ၊ ပိုးသတ်ဆေးများ အသုံးပြုကြတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ အထွေထွေ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် အမြတ်များများ လိုချင်ကြတဲ့ ရောင်းချသူတွေဟာ အဆိုပါဆေးတွေကို အလွန်အကျွံ အသုံးပြုလာကြတယ်ဆိုတာကို အခုဖြစ်ရပ်က သက်သေပြနေပါတယ်။

အဲဒါကြောင့် ဈေးထဲကနေ ကန်စွန်းရွက် ဝယ်ဝယ်လာချင်း လက်နဲ့ မချွေသေးဘဲ ဆားရည်နဲ့ အတန်ကြာအောင် စိမ်ထားခြင်း၊ ရေ အများအပြားနဲ့ ဆေးကြောခြင်းများ ပြုလုပ်သင့်ပါတယ်။ ထိုသို့ မပြုလုပ်မိပါက အဆိုပါ မှိုသတ်ဆေး၊ ပိုးသတ်ဆေးများကို ကိုင်တွယ်မိပြီး အခြား အစားအသောက်များကိုပါ ထိမိနိုင်ကာ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

လတ်တလောကာလမှာ မြန်မာပြည်သူတွေ နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေက မည်မျှ လုံခြုံမှု ရှိ၊မရှိဆိုတာ မည်သူမျှ မသိနိုင်တဲ့ အခြေအနေ ဖြစ်နေပါပြီ။ မြန်မာပြည် FDA ကလည်း အယောင်ပြ စစ်ဆေးမှုတွေကိုသာ ပြုလုပ်နိုင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

အဲဒါကြောင့် ပြည်သူတွေအနေနဲ့ အသိကို အခြေခံကာ သတိထားပြီး ဝယ်ယူစားသောက်သင့်ပါတယ်။ ဈေးရောင်းချသူတွေ အနေနဲ့လည်း ဈေးဝယ်သူများကို ကိုယ်ချင်းစာကာ တော်သင့်ရုံ အမြတ်ရရင် ကျေနပ်သင့်ပါတယ်။ ဝိသမလောဘသားတွေ အနေနဲ့လည်း ကိုယ့်ပြုသည့်ကံ ကိုယ့်ထံ ပြန်လာမှာ မလွဲဧကန် ဖြစ်တဲ့အကြောင်း သတိပေး ရေးသားလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page