ကျောင်းအပ်ပေမယ့် ကျောင်းမတက်ခိုင်းတဲ့ မိဘတွေနဲ့ စကစရဲ့ ကျောင်းသား ၅ သန်း လိမ်ဆင်ကြီး

စကစ ဖွင့်လှစ်မယ့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိနေပါတယ်။

စကစ ကျောင်းများက ကျောင်းအပ်စတင် လက်ခံသည့် မေ ၂၆ ရက်မှ မေလ ၃၀ရက်အထိ ၅ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ ၄၈၉၄၄၂၈ ဦး ရှိကြောင်း စကစ လက်အောက်ခံ အခြေခံပညာဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် စကစဖွင့်တဲ့ အခြေခံပညာကျောင်းတွေကို မဖြစ်လို့သာ အပ်နှံရပေမယ့် ကျောင်းစဖွင့်မယ့်နေ့မှာ ကလေးတွေကို ကျောင်းမလွှတ်သေးဘူးလို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

အတန်းလိုချင်လို့သာ ထားရတာ ဖြစ်ကြောင်း၊ အပြင်မှာပဲ ကျူရှင်သဘောမျိုး သင်ခိုင်းမှာ ဖြစ်ကြောင်း၊ တခုခု ဖြစ်ရင် ကလေးတွေကို ဘယ်လိုကာကွယ်ပေးမလဲဆိုတာ အာမခံချက် မရှိကြောင်း၊ အဲဒါကြောင့် စာရင်းဝင်အောင်သာ ကျောင်းအပ်တာဖြစ်တယ်လို့ ကျောင်းသား မိဘတဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ သင်ကြားပေမယ့် ဆရာ၊ ဆရာမတွေလည်း အင်အားပြည့် မရှိတာကြောင့် ကလေးတွေကို သင်ရိုးညွှန်းတမ်း အပြည့် သင်မှာ မဟုတ်ဘဲ အပြကောင်းရုံ အဖြစ်လောက်သာ သင်ပေးနိုင်မယ်လို့ ကျောင်းဆရာဟောင်းတဦးက ပြောပါတယ်။ တကယ်တမ်း လက်ရှိဆရာအင်အားနဲ့ သင်မယ်ဆိုရင် တပတ်မှာ ၂ ရက်လောက်သာ သင်နိုင်မယ်လို့ သိရပါတယ်။ ကျောင်းစဖွင့်တဲ့ ဇွန်လ ၂ ရက်နေ့မှာ ကျောင်းသား ဘယ်လောက်လာမလဲဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page