စကစဆေးတက္ကသိုလ် လူမပြည့်၊ တခြားကျောင်းက ရောကြော်နဲ့ အစုံသုပ်များ လာတက်နိုင်ဟု ကြေညာ

စကစ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနဟာ နိုင်ငံပိုင်သတင်းစာထဲကနေ ဆေးတက္ကသိုလ်နဲ့ ဆေးတက္ကသိုလ်နှီးနွှယ်တက္ကသိုလ်တွေမှာ လစ်လပ်နေရာတွေရှိနေလို့ အဲ့ဒီလစ်လပ်နေရာတွေဆီကို တက်ရောက်ချင်ရင် တက်ရောက်နိုင်အောင် လျှောက်လွှာခေါ်ယူနေပြီလို့ ထုတ်ပြန်အသိပေးလိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ပြီး စကစကျန်းမာရေးဝန်ကြီးဌာနအောက်က တက္ကသိုလ်တွေကို ဝင်ရောက်ခွင့်ရထားသူတွေထဲက ကျောင်းလာရောက်အပ်နှံခြင်း မရှိသေးတဲ့သူတွေ၊ ကျန်းမာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ တက္ကသိုလ်အချင်းချင်း ပြောင်းရွှေ့လျှောက်ထားလိုသူတွေဟာ လျှောက်လွှာတင်နိုင်တယ်လို့ စကစ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

တခြား စကစ လက်အောက်ခံဝန်ကြီးဌာနအောက်က တက္ကသိုလ်တွေမှာ တက်ရောက်ခွင့်ရထားသူတွေထဲကလည်း ဝင်ခွင့်အရည်အချင်းနဲ့ကိုက်ညီရင် ကျန်းမာရေးဝန်ကြီးဌာနအောက်က ဆေးတက္ကသိုလ်နဲ့ ဆေးတက္ကသိုလ်နှီးနွှယ်တက္ကသိုလ်တွေဆီ ပြောင်းရွှေ့တက်ရောက်ခွင့်ရဖို့ လျှောက်ထားနိုင်တယ်လို့ ဆက်လက်အသိပေးထားပါတယ်။

တခြားတက္ကသိုလ်တွေကနေ ဆေးတက္ကသိုလ်နဲ့ ဆေးတက္ကသိုလ်နှီးနွှယ်တက္ကသိုလ်တွေဆီ ပြောင်းရွှေ့ချင်တယ်လို့ လျှောက်ထားလာသူတွေထဲက ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်နဲ့ကိုက်ညီသူတွေရှိရင် လျှောက်ထားသူတွေထဲက အမှတ်အများဆုံးရရှိထားသူတွေကို အစဉ်အလိုက်ရွေးချယ်ပြီး လစ်လပ်နေတဲ့နေရာတွေမှာ အစားထိုးပြောင်းရွှေ့တက်ရောက်ခွင့်ပေးသွားမယ်လို့လည်း ကျန်မာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းမှာ ပေါ်ပေါက်လာခဲ့တဲ့ စီဒီအမ် လှုပ်ရှားမှုတွေထဲမှာ ဆရာဝန်အများအပြား ပါဝင်သွားတဲ့အတွက် ဆရာဝန်လိုအပ်ချက် မြင့်တက်လာလို့ အခုလိုမျိုး ကြေညာချက်ထုတ်ပြန်ပြီး တခြားတက္ကသိုလ်ကို ဝင်ခွင့်ရထားသူတွေထဲက ဝင်ခွင့်အရည်အချင်းကိုက်ညီရင် ဆေးတက္ကသိုလ်နဲ့ ဆေးတက္ကသိုလ်နှီးနွှယ်တက္ကသိုလ်တွေဆီ ပြောင်းရွှေ့ခွင့်ပေးမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဖြေလျှော့ဆွဲဆောင်တာမျိုးဖြစ်နိုင်ကြောင်း သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။

စကစလက်အောက်ခံ တက္ကသိုလ်များကို ပြန်လည် ဖွင့်လှစ်ရာမှာလည်း တက်ရောက်သူ အနည်းငယ်သာ ရှိတာကြောင့် ကျောင်းအပ်ဖို့ကို အကြိမ်ကြိမ် အခါအခါ တိုက်တွန်း နှိုးဆော်နေရတာ ဖြစ်ပါတယ်။

ဆေးကျောင်းဝင်ခွင့်ကို ယခုလို ရောကြော်နဲ့ အစုံသုပ် ထပ်ခေါ်မယ်ဆိုရင် တကယ် စာတတ်တဲ့ ဆရာဝန်ဆိုတာ နောင်တချိန်မှာ အရုပ်ရေးပြရမယ်လို့ ဝါရင့် ဆရာဝန်ကြီး တဦးက သုံးသပ်ထားပါတယ်။ စကစ အနေနဲ့ အရေအတွက်ကိုသာ အပြသဘောမျိုး အဓိက ထားလုပ်နေပြီး တကယ့်မြေပြင်အခြေအနေနဲ့ ပညာတတ်မြောက်မှုကို ဂရုမစိုက်ဘူးလို့ ပညာတတ် အသိုင်းအဝိုင်းက ဝေဖန်လျက် ရှိပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page