မြန်မာပြည်မှာ ကွာရှင်း စာချုပ်ချုပ်မှ လင်မယားကွာလို့ ရမှာလားဆိုတဲ့ မေးခွန်းရဲ့ အဖြေ
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းသည် မည်သည့်အခမ်းအနားမှ မလိုအပ်ပါဘူး။ နှစ်ဦးသဘောတူ လူသိရှင်ကြားပေါင်းသင်းနေထိုင်ခြင်းဖြစ်လျှင် ပုဆိုးတန်းတင် အကြင်လင်မယား အရာမြောက်ပါသည်။ ဥပဒေအရလည်း တရားဝင် လင်မယားဖြစ်ပါသည်။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ကွာရှင်းခြင်းဆောင်ရွက်လိုလျှင်လည်း စာချုပ်စာတမ်းချုပ်ဖို့ မလိုအပ်ပါဘူး။ အဓိက နှစ်ဦးသဘောတူဖြစ်ရန် အရေးကြီးပါသည်။ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရဆိုလျှင် အသိသက်သေ ခိုင်ခိုင်မာမာရှိရန်တော့ လိုအပ်ပါသည်။
သို့သော် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပေါ်ပေါက်လာသောကြောင့် နှစ်ဦးသဘောတူကွာရှင်းထားပြီး စာချုပ်စာတမ်းပြုလုပ်မထားလျှင် နောက်ထပ်အိမ်ထောင်သစ်ထူထောင်သည့်အခါ အိမ်ထောင်ဖက်ဟောင်းမှ တစ်လင်တစ်မယားဥပဒေဖြင့် ရဲစခန်းတွင် အမှုဖွင့်လှစ်အရေးယူခြင်းကို ဆောင်ရွက်ကြပါသည်။
လင်မယားအဖြစ် ကွာရှင်းပြီးကြောင်း သက်သေအထောက်အထား စာချုပ်စာတမ်းမရှိသည့် အတွက်ကြောင့် ဖမ်းဆီးခံရပြီး တရားရုံးရောက်မှ ဆက်လက်ဖြေရှင်းကြရပါသည်။ ဘယ်လိုဖြေရှင်းမလဲ ကွာရှင်းပြီးကြောင်း သက်သေထင်ရှားပြသပြီး ခိုင်လုံပါက ဆက်လက်အရေးယူခြင်းမခံရဘဲ အမှုမှ လွတ်မှာ ဖြစ်ပါသည်။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေသည် မူလဥပဒေဖြစ်ပြီး တစ်လင်တစ်မယားဥပဒေသည် အထူးဥပဒေ ဖြစ်ပါသည်။ အထူးဥပဒေသည် မူလဥပဒေကို လွှမ်းမိုးသည့်အတွက် စာချုပ်စာတမ်းဖြင့် တရားဝင်ကွာရှင်း စာချုပ်ဖြင့် လက်မှတ်ထိုးထားမှသာ တစ်လင်တစ်မယားဥပဒေဖြင့် အရေးယူခံရခြင်းမှ လွတ်ကင်းနိုင်မှာ ဖြစ်ပါသည်။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မယားအများအပြားယူခွင့်ရှိသော်လည်း တစ်လင်တစ်မယားဥပဒေ ပေါ်ပေါက်ပြီး နောက်ပိုင်းတွင် မယားအများအပြားယူခြင်းကို တားမြစ်ထားပါသည်။ နောက်မိန်းမထပ်ယူလျှင် ထောင်ဒဏ်ချမှတ်ခံရနိုင်ပါသည်။
ထို့ကြောင့် ကွာရှင်းမည်ဆိုလျှင် တရားရုံးတွင် နှစ်ဦးသဘောတူကွာရှင်းမှသာ အကောင်းဆုံးသတ်သေ အထောက်အထားဖြစ်မှာပါ။ ထို့နည်းတူဘဲ လက်ထပ်စာချုပ်လက်မှတ်ထိုးရာတွင် တရားရုံးတွင် တရားသူကြီး ရှေ့မှောက်တွင် ကတိသစ္စာဆိုပြီး လက်မှတ်ရေးထိုးခြင်းသည် အကောင်းဆုံးသော သက်သေအထောက် အထားဖြစ်ပါကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)