ရွှေတိဂုံစေတီမှာ ယနေ့တရက်သာ ဘုရားဖူးရန် သတိရသူများနဲ့ စည်ကားလျက်ရှိနေ

ဇူလိုင် ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ဝါဆိုလပြည့်နေ့မှာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မှာ ဘုရားဖူးတွေနဲ့ အများအပြားလာရောက် စည်ကားနေတာကို မြင်တွေ့ရပါတယ်။ ယခုနှစ် မှာတော့ စစ်တပ်နဲ့၊ ရဲလုံခြုံရေးတွေကိုလည်း မတွေ့ရှိရဘဲ ဘုရားလုံခြုံရေးတွေကိုပဲ ပုံမှန်အတိုင်းထားရှိတာကို တွေ့မြင်ရပါတယ်။

“ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်နဲ့ အလုပ်ပိတ်ရက် ဖြစ်လို့ ရွှေတိဂုံဘုရားကို လာဖူးခြင်း ဖြစ်ကြောင်း၊ လမ်းတွေ ပိတ်ပြီး ကားတွေ ကြပ်တာကြောင့် ဘုရားပေါ် ရောက်ဖို့ မနည်းတိုးခဲ့ရကြောင်း၊ အစားအသောက်တွေ ဈေးကြီးပေမယ့် တနှစ်မှ တခါသာ လာဖူးရတာဖြစ်လို့ ကျိတ်မှတ်သုံးရကြောင်း၊ ဘုရားဖူးပြီး ဟက်ပီးဝေါပန်းခြံထဲသွားရတာ ပျော်စရာကောင်းကြောင်း” ဘုရားလာဖူးတဲ့ အထည်ချုပ် အလုပ်သမတဦးက ပြောပါတယ်။

အရှေ့ဘက်မုခ်မှာ ဈေးရောင်းချနေတဲ့ ဈေးသည်တဦးကတော့ “ဘုရားဖူးတွေ အများကြီး လာတော့ ဈေးပိုရောင်းရတော့ အဆင်ပြေကြောင်း၊ ကျန်တဲ့အချိန်တွေမှာ လာမယ့်သူ မရှိသလောက် ဖြစ်ပေမယ့် ဒီတရက်မှာ ဘုရားဖူးလာမယ့်သူ ပိုများမှာကို ကြိုသိလို့ ရောင်းမယ့် ပစ္စည်း များများ လုပ်ထားကြောင်း၊ ဈေးတွေကတော့ အကုန်တက်နေတာကြောင့် လိုက်တက်ရတာ ဖြစ်ကြောင်း” ပြောကြားသွားပါတယ်။

နိုင်ငံရေး သုံးသပ်သူတဦးကတော့ “ဘာသာရေးဆိုပေမယ့် တိုင်းပြည် နာရေးဖြစ်နေချိန်မှာ တပျော်တပါးနဲ့ အပျော်ဘုရားဖူး ဖြစ်နေတာ စိတ်ပျက်မိကြောင်း၊ အိုမီခရွန် မျိုးကွဲ ပျံ့နှံ့နေချိန်မှာ လူစုလူဝေး အများကြီး ဖြစ်နေတာ စိုးရိမ်ဖွယ်ကောင်းကြောင်း၊ မနှစ်ကလည်း ဘုရားဖူးနဲ့ နေကြာဝမ်းဆက်တွေ ကိစ္စ လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ကြောင်း၊ လုံခြုံရေး စိတ်မချရသေးတဲ့အချိန်မှာ အပြင်မထွက်သင့်ကြောင်း” မှတ်ချက် ချထားပါတယ်။

လက်ရှိအချိန်မှာ ရွှေတိဂုံဘုရားဖူးလာသူ သောင်းဂဏန်းခန့် ရှိနေပြီး ရွှေတိဂုံစေတီနဲ့အနီးတဝိုက်လမ်းတွေမှာ ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page