အတိတ်မေ့လွယ်တဲ့သူတွေနဲ့ တဒင်္ဂ အပျော်ရှာချင်တဲ့သူတွေကို ထမ်းပိုးထားရတဲ့ ရန်ကုန်မြို့ကြီး

ယနေ့သည် မြန်မာပြည်သားတို့ အထွတ်အမြတ်ထားရာ သီတင်းကျွတ် လပြည့်နေ့ ဖြစ်ပါတယ်။ လပြည့်နေ့ ဖြစ်တာနဲ့ အညီ ဗုဒ္ဓဘာသာဝင်တို့ အနေနဲ့ ဘုရားကျောင်းကန်များကို အများအပြား သွားရောက် ဖူးမြှော်ကြတာကိုလည်း တွေ့ရပါတယ်။

မနက် ၈ နာရီလောက်ကတည်းက ရန်ကုန်မြို့ရဲ့ ဘုရားစေတီတွေမှာ လူတွေ ပြည့်နေတယ်ဆိုတဲ့ အကြောင်း လူမှုကွန်ရက် စာမျက်နှာတွေမှာ သတင်းဌာန အသီးသီးက ဖော်ပြလာကြပါတယ်။ တချို့သတင်းဌာနတွေကလည်း လူများနေတဲ့ နေရာတွေကို ရွေးပြီး ကင်မရာ မပြည့်ပြည့်အောင် ရိုက်ပြီး ဖော်ပြကြသလို တချို့သတင်းဌာနတွေကတော့ လူနည်းတဲ့ နေရာကို တမင်ရွေးပြီး ဓာတ်ပုံရိုက် ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

လူမှုကွန်ရက်ပေါ်မှာလည်း ဘုရားသွားတဲ့သူတွေကို အမှတ်မရှိတဲ့သူတွေ ဆိုပြီး ဝေဖန်နေကြတဲ့ သူတွေ ရှိသလို အားလပ်ရက်မှာ အပန်းဖြေကြတဲ့ ပြည်သူတွေကို အပြစ်မတင်သင့်ဘူးလို့ ဆိုကြတဲ့ သူတွေလည်း ရှိနေကြပါတယ်။ လူမှုကွန်ရက် သုံးစွဲသူတွေအနေနဲ့ အမြင်အမျိုးမျိုးကို ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးကြပြီး အငြင်းအခုံ များခဲ့တဲ့ နေ့တနေ့လို့လည်း ဆိုနိုင်ပါတယ်။

ရန်ကုန်မြို့ရဲ့ အချက်အချာဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးရဲ့ အနားပတ်ဝန်းကျင်မှာရှိတဲ့ ကန်တောင်မင်္ဂလာပန်းခြံနဲ့ ဟက်ပီးဝေါ အပန်းဖြေဥယျာဉ်တွေမှာ တိုးမပေါက်အောင် စည်ကားခဲ့ပြီး ဘုရားပတ်လမ်းတွေမှာလည်း ကားလမ်းကြောင်း ပိတ်ဆို့တဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့ရင်ပြင်ထဲမှာတော့ စကစက ပြုလုပ်တဲ့ ဈေးရောင်းပွဲမှာ ဒီဂျေ တေးဂီတတွေနဲ့ ကခုန်နေကြတဲ့ သူတွေ ရှိတယ်လို့လည်း သိရပါတယ်။

ပျော်ပွဲရွှင်ပွဲကို အလွန်နှစ်သက်တဲ့ မြန်မာပြည်သူတွေဟာ ယခုလို အခါကြီးရက်ကြီးတွေမှာ ဒီလို လမ်းတွေ ပိတ်တဲ့အထိ ပျော်ရွှင်ကြတာဟာ လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးကတည်းက ဖြစ်ပါတယ်။ ကိုဗစ်နဲ့ စစ်တပ် အာဏာသိမ်းမှုကြောင့် ပွဲလမ်းသဘင်တွေ ပျောက်ကွယ်ခဲ့ရပြီး ပွဲငတ်နေတဲ့ မြန်မာပြည်သူတချို့ဟာ ယခုလို အချိန်မှာ စိတ်လွတ်ကိုယ်လွတ် ပျော်တာကို မပြစ်မဆိုသာပေမယ့် “ညောင်သီးလည်းစား လေးသံလည်း နားထောင်” ဆိုတဲ့ စကားပုံလို အပျော်ကနေ အပျက် ဖြစ်မသွားဖို့ အရေး သတိထားသင့်ပါတယ်။

လူအများအပြား စုဝေးမှုကြောင့် ပထမဆုံး သတိထားရမှာကတော့ ကိုဗစ်ကူးစက်မှုပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ရန်ကုန်မြို့နေ လူအများအပြား ဖျားနာမှုတွေ ဖြစ်နေကြပါတယ်။ အဲဒါကြောင့် လူထူထပ်တဲ့နေရာတွေ သွားရင် ကိုဗစ်ကို အထူး သတိထားရပါမယ်။ နောက်တချက်ကတော့ ခါးပိုက်နှိုက်နဲ့ ခိုးဆိုးလုယက် အဖွဲ့‌တွေ ဖြစ်ပါတယ်။ ယခုလို ကာလမှာ အပြင်ထွက်လည်ပတ်တဲ့သူ အများဆုံးက စက်ရုံလုပ်သားလို အခြေခံ လူတန်းစားတွေ များပြားပါတယ်။ အဆိုပါလူတွေကို ဦးတည်ပြီး လုယက်မယ့် အဖွဲ့တွေကို အထူး သတိထားရမှာ ဖြစ်ပါတယ်။

ဒီကာလမှာ ဘယ်မှ မထွက်ဘဲ အိမ်ထဲ နေနေတဲ့ သူတွေကိုလည်း ကျန်းမာရေး ဂရုစိုက်ပြီး ကိုယ်လုပ်နေတဲ့ အရာတွေကို စူးစူးစိုက်စိုက် လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။ လူတချိို့က ရင်ထဲမှာ ရှိတဲ့ အပူတွေကို တဒင်္ဂ အပျော်တွေနဲ့ ငြိမ်းအေးအောင် လုပ်နေပေမယ့်လည်း ဒီနေ့ ကုန်လို့ နောက်နေ့ ရောက်လာရင် အပူတွေက ထပ်ပေါ်လာဦးမှာပါပဲ။

လွတ်လပ်မှု၊ တရားမျှတမှုတွေ ဆိတ်သုဉ်းနေတဲ့ နေရာမှာ ဘယ်လိုပဲ ပျော်ပွဲရွှင်ပွဲတွေ ရှိရှိ လူတွေရဲ့ စိတ်နှလုံးတွေကတော့ ညှိုးနွမ်းနေဦးမှာပဲ ဖြစ်ပါတယ်။ ခေတ်ပျက်ကြီးထဲမှာ တဒင်္ဂထွက်ပေါက် ရှာတဲ့သူတွေကို အပြစ်မတင်ရက်သလို ဦးတည်ရာ ရည်မှန်းချက်အတွက် ကြိုးစားနေတဲ့သူတွေကိုလည်း အောင်မြင်ပါစေလို့ အားပေးလိုက်ရပါတယ်။

အတိတ်မေ့လွယ်တဲ့သူတွေ၊ အပျော်ရှာချင်တဲ့သူတွေကို ထွေးပိုက်ပြီး မကျက်သေးတဲ့ ဒဏ်ရာတွေကို ကုစားရင်း မလွတ်မြောက်သေးတဲ့ ရန်ကုန်မြို့ကြီးကတော့ အမှောင်ည တညကို ထပ်မံ ဖြတ်သန်းရဦးမှာပဲ ဖြစ်ပါတော့တယ်။ သီတင်းကျွတ်ကာလမှာ မြန်မာတပြည်လုံး ကပ်ရောဂါဘေးကနေ ကင်းစင်ပြီး ပြည်သူတွေအားလုံး လွတ်လပ်ခြင်း၊ တရားမျှတခြင်းတွေ ရရှိကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page