တပိဿာ တသောင်းခွဲ ဖြစ်တော့မယ့် စားအုန်းဆီနဲ့ အခြေခံလူတန်းစားတို့ရဲ့ ထွက်ရပ်လမ်းတခု

ပြည်တွင်းမှာ စားအုန်းဆီဈေးနှုန်း ဆက်တိုက်မြင့်တက်လာနေပြီး ရန်ကုန်လက်လီဈေးကွက်မှာ စားအုန်းဆီတစ်ပိဿာဈေးနှုန်းဟာ ကျပ် ၁၂၀၀၀ ကျော် အထိ ရောက်ရှိလာနေပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လအတွင်းမှာ တစ်ပိဿာ ကျပ် ၈၀၀၀ ဝန်းကျင်သာရှိခဲ့တဲ့ ရန်ကုန်လက်လီစားအုန်းဆီ ဈေးနှုန်းဟာ အခုဩဂုတ်လအတွင်းမှာ တဖြည်းဖြည်းဈေးနှုန်းမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ပဲဆီ အရော တစ်ပိဿာ ဈေးနှုန်းကလည်း ကျပ် ၁၁၀၀၀ အထိ ရှိလာပြီး နေကြာဆီ တစ်ပိဿာဈေးနှုန်းက ကျပ် ၁၀၅၀၀ ပေါက်ဈေးရှိနေပါတယ်။ ပဲဆီအစစ် တစ်ပိဿာကို ကျပ် ၁၇၀၀၀ အထိ ရှိလာတယ်လို့ လက်လီဈေးကွက်က သိရပါတယ်။ ဗဟိုဘဏ်က တစ်ဒေါ်လာငွေလဲနှုန်းကို ၂၁၀၀ ကျပ် သတ်မှတ်ပြီးတဲ့နောက် အခုလို ဈေးကွက်အတွင်းမှာစားအုန်းဆီ‌ ‌ဈေးနှုန်းတွေဆက်တိုက်မြင့်တက်လာနေတာ ဖြစ်ပါတယ်။

လက်လီဈေးကွက်ထဲက ကုန်စုံဆိုင်တစ်ချို့က စားအုံးဆီဈေးဟာ ပဲဆီဈေးနားကပ်လာတာကြောင့် စားအုံးဆီကို မရောင်းတော့ပဲ ပဲဆီကိုသာ ရောင်းလာ ကြတယ်လို့ ဝယ်သူတွေဆီက သိရပါတယ်။

မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းက စားအုန်းဆီတစ်ပိဿာကို ကျပ် ငါးထောင်နဲ့ အရပ်ထဲ လာရောက် ရောင်းချတာတွေရှိနေပြီးလူတစ်ဦးကို တစ်ပိဿာနှုန်းသာ ရောင်းချပေးပေမဲ့ လာရောက်တန်းစီ၀ယ်ယူလိုသူက များတာကြောင့် လာရောက်တန်းစီသူတိုင်း မရတဲ့အခြေအနေမှာရှိနေပါတယ်။

ပြင်ပမှာ စားအုန်းဆီ ပေါက်စျေးဟာ တစ်ပိဿာကို ကျပ် ၁၂၀၀၀ ကျော် ထိ မြင့်တက်နေပြီး စစ်ကောင်စီက သတ်မှတ်ထုတ်ပြန်ပေးထားတဲ့ ရည်ညွှန်းစျေးက တစ်ပိဿာကို ကျပ် ၄၈၆၀ ဖြစ်ပါတယ်။

အရပ်ထဲ​လာရောင်းတဲ့ဆီကားကနေ ဆီတစ်ပိဿာရဖို့ မနက် ၆ နာရီလောက်ကတည်းက လာရောက်တန်းစီနေပေမယ့် ကိုယ့်ရှေ့မှာ လူက အယောက် ၁၀၀ ၀န်းကျင်လောက်ထိ ရှိနေပြီး ကိုယ့်အလှည့်ရောက်ခါမှ ဆီကုန်သွားလို့ဆိုတဲ့အတွက် မရလိုက်တာမျိုး ကြုံတွေ့ခဲ့ရတယ်လို့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

ဆီကုန်သည်တွေအနေနဲ့ မိမိ ရရှိတဲ့ ဆီထဲကနေ လူထုကို ဆယ်ရာခိုင်နှုန်း ရည်ညွှန်းပေါက်စျေးနဲ့မဖြစ်မနေပြန်လည်ရောင်းချပေးရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဆီတန်းစီရာမှာ တချို့က ဆီပုံးတွေချထားပြီး ဆီစပေးပြီဆိုတာနဲ့ဆီပုံးနေရာမှာ လူက ရောက်လာတာကြောင့် တန်းစီလက်စ ရှိနှင့်သူတွေနဲ့ ခိုက်ရန်ဖြစ်ပွားတာ၊ ကြားဖြတ်တန်းစီတယ်ဆိုပြီး အငြင်းပွားတာတွေလည်း မကြာခဏ တွေ့မြင်နေရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page