လှိုင်မြို့နယ်တွင် အမိုးနီးယားဓာတ်ငွေ့များ ထပ်မံယိုစိမ့်၊ ပြည်သူများ အလျင်အမြန် ရွှေ့ပြောင်းနေကြ

လှိုင်မြို့နယ်၊ အုတ်ကျင်း-ဘူတာရုံလမ်းပေါ်ရှိ ရေခဲစက်မှ အမိုးနီးယားဓာတ်ငွေ့များ ထပ်မံယိုစိမ့်နေသဖြင့် မီးသတ်ကားများနှင့် လူနာတင်ကားများရောက်ရှိနေတယ်လို့ မာလာမြိုင်လမ်းနေသူတစ်ဦးက ပြောပါတယ်။ “စစ်တပ် ချည်မျှင်ဝန်းကြီးရှေ့က ရေခဲစက်မှာ အနံ့က တော်တော်ပြင်းပြင်းထွက်နေတယ်။ အခုလူနာတင်ကားတွေနဲ့ မီးသတ်ကားတွေအများကြီးရောက်နေတယ်” လို့ မာလာမြိုင်လမ်းနေသူတစ်ဦးက ပြောပါတယ်။

ရေခဲစက်အတွင်း အမိုးနီးယားဂတ်စ်ယိုစိမ့်မှုသည် ယနေ့ ညနေ ၇နာရီခန့်က ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်ရုံအနီးတဝိုက်တွင် အမိုးနီးယား ဓာတ်ငွေ့နံ့များ ထွက်ပေါ်လျက်ရှိကြောင်း အခင်းဖြစ်နေရာသို့ရောက်ရှိနေသူတစ်ဦးက ပြောပါတယ်။

“အခုဖြစ်နေတာ။ အနံ့ကတော်တော်ပြင်းပြင်းပဲ။ မျက်လုံးတွေလည်းစပ်တယ်။ မီးသတ်ကား လေးစီးနဲ့ လူနာတင်ကား ၅ စီးလာနေပြီ။ အခုတော့ စက်ရုံနားရောက်နေကြပြီ” လို့ ဆက်လက်ပြောကြားပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်က ယင်းရေခဲစက်အတွင်း အမိုးနီးယား ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် မူးမေ့လဲသူများရှိကာ ဒေသခံပြည်သူ ၄၀ ဦးခန့် ဆေးရုံများသို့ လူနာတင်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ရပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယမန်နေ့ည ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် အောင်မြင်စွာ ငြိမ်းသတ်ရှင်းလင်းပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

လက်ရှိတွင် လှိုင်မြို့နယ်၊၁၃ရပ်ကွက် အုတ်ကျင်း-ဘူတာရုံလမ်းပေါ်ရှိ ရတနာစု ကုမ္ပဏီပိုင် ရေခဲစက်အတွင်း အမိုးနီးယား ဓာတ်ငွေ့များ ထပ်မံယိုစိမ့်မှုကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

“အမိုးနီးယားဓာတ်ငွေ့နဲ့ ထိတွေ့မိခြင်း”၊ မနေ့ညက အမိုးနီးယား ဓာတ်ငွေ့ယိုစိမ့်တယ်ဆိုတာ တွေ့လိုက်ပါတယ်။ တချို့က ရေစွတ်ပြီး မျက်နှာမှာဖုံးထားဖို့ပြောတာတွေ့မိလို့ပါ။ အန္တရာယ်ရှိပါတယ်။ ရေနဲ့ဆေးတာမဟုတ်ဘဲ အချိန်ကြာကြာထိရင် အဲဒီရေတွေက အက်ဆစ်လိုသဘောမျိုး (အက်ဆစ်တော့မဟုတ် base ပါ) ဖြစ်သွားပြီး သူနဲ့ထိတွေ့တာတွေကို ပိုစားစေနိုင်ပါတယ် (ဓာတုသမားတွေပိုသိမယ်ထင်ပါတယ်)။ အဲဒီလိုလုပ်ရမှာမဟုတ်ပါဘူး။ ရေနဲ့ဆပ်ပြာသုံးပြီးဆေးရမှာပါ။ အမိုးနီးယားတွေနဲ့ ဆက်ပြီးမထိတွေ့နေဖို့က အရေးကြီးပါတယ်။

အမိုးနီးယားက ခန္ဓာကိုယ်ထဲကို သုံးမျိုးနဲ့ ရောက်နိုင်တယ်။ ဓာတ်ငွေ့ကို ရှူသွင်းတာ၊ မျိုချတာနဲ့ အသားနဲ့ ထိတွေ့တာတွေပါ။ အမိုးနီးယားဓာတ်ငွေ့ဟာ အရာဝတ္ထုတွေကို စားတဲ့ဂုဏ်သတ္တိရှိပါတယ်။ ထိတွေ့မှုပုံစံပေါ်မူတည်ပြီး ကျန်းမာရေးဆိုးကျိုးပြင်းထန်မှုကွာပါတယ်။

လေထုကနေတဆင့် အမိုးနီးယားဓာတ်ငွေ့ပမာဏများများနဲ့ ထိတွေ့မိမယ်ဆိုရင် ချက်ခြင်းအနေနဲ့ မျက်စိ၊ နှာခေါင်းနဲ့ လည်ချောင်းတွေပူစပ်ခြင်းတို့ဖြစ်နိုင်ပြီး ပမာဏပြင်းထန်မယ် အချိန်ကြာမယ်ဆိုရင် မျက်စိကန်းတာ၊ အဆုတ်ပျက်စီးတာနဲ့ ‌ေ-သဆုံးတာဖြစ်နိုင်ပါတယ်။ ရှူမိမယ်ဆိုရင် ချောင်းဆိုးတာ၊ နှာခေါင်းနဲ့ လည်ချောင်းယားယံတာတွေဖြစ်နိုင်ပါတယ်။

အမိုးနီးယားဓာတ်ငွေ့နဲ့ ထိတွေ့တဲ့အခါ ဖြစ်တဲ့နေရာကနေ မြန်မြန်ဆန်ဆန်ထွက်ခွာရမယ်။ ပြီးသွားပြီပဲဆိုပြီး ဆက်နေလို့မရဘူး။ အနံ့ရှိနေတယ်ဆိုရင် ဓာတ်ငွေ့ရှိနေဦးမယ်ဆိုတဲ့သဘောပဲ။ ဓာတ်ငွေ့ထိထားတဲ့ အဝတ်အစားတွေကို ချွတ်ပစ်ရမယ်။ အဲဒီအဝတ်အစားတွေကို အလုံပိတ်ထားရမယ်။

အရေပြားကို ဆပ်ပြာနဲ့ ရေများများသုံးပြီး ဆေးရမယ်။ မျက်လုံးကိုလည်း ရေများများနဲ့ဆေးကြောရမယ်။ ရေများများသောက်ရမယ်။ မျက်ကပ်မှန်တပ်ထားတာရှိရင် ချက်ခြင်းချွတ်ပစ်ရမယ်။ မျက်မှန်တပ်ရင် မျက်မှန်ကို ဆပ်ပြာနဲ့ရေနဲ့ဆေးကြောပြီးမှ ပြန်ဝတ်ရမယ်

အရေပြားကိုဆေးတဲ့အခါ ဆပ်ပြာမရှိလို့ဆိုပြီး အစွန်းချွတ်ဆေးမသုံးရဘူး။ အဓိကအချက်ကတော့ အမိုးနီးယားက သူနဲ့ထိတွေ့တာတွေကိုစားတဲ့အတွက်ကြောင့် ထိတွေ့မှုမဖြစ်အောင်၊ ထိတွေ့ပြီးရင် အမိုးနီးယားတွေလုံးဝကုန်သွားအောင် ဆေးကြောပစ်ရမယ်။ ရေနဲ့ဆပ်ပြာများများသုံးပြီးဆေးရမယ်။ (ဒေါက်တာသူရိန်လှိုင်ဝင်း)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page