ပုဂံရှိ ဉာဏ်တော်အမြင့်ဆုံး သဗ္ဗညုဘုရားကြီးကို တရုတ်အစိုးရက ပြုပြင်ထိန်းသိမ်းမည်

တရုတ်နိုင်ငံ စန်ရှီးပြည်နယ်မှ စေလွှတ်သည့် ပုဂ္ဂိုလ် ၄ ဦးပါဝင်သော လုပ်ငန်းအဖွဲ့သည် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ကျူဝင်ပြီးနောက် ပုဂံသို့ သွားရောက်ကာ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ကနဦးပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်ဟု တရုတ်သံရုံးက ယနေ့ ဇန်နဝါရီ ၄ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

စီမံကိန်းအဖွဲ့သည် သဗ္ဗညုဘုရား စီမံကိန်းနေရာသို့ သွားရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ပြီးစီးခဲ့တဲ့ အရေးပေါ်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ နှင့်စပ်လျဉ်း၍လည်း အသေးစိတ် စစ်ဆေးခဲ့ကြောင်းနှင့် လာမည့် ဇန်နဝါရီလ ၈ ရက်နေ့တွင် ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း တရားဝင် စတင်ဆောင်ရွက်ခြင်းအခမ်းအနား ကျင်းပမည်ဖြစ်ကြောင်းပါ သံရုံးက ဆိုထားပါတယ်။

၂၀၁၆ ခုနှစ် သြဂုတ်လက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် ၆.၈ အဆင့် မြေငလျင် လှုပ်ခတ်ခဲ့ရာ သဗ္ဗညုဘုရား အပါအဝင် စေတီပုထိုးများ ရာနှင့်ချီ ထိခိုက်မှုရှိခဲ့ရပါတယ်။

မြန်မာနိုင်ငံ၏ သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များ တည်တံ့ခိုင်မြဲစေရန်အတွက် မြန်မာနိုင်ငံ၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ စန်ရှီးပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး သုတေသနဌာန စသည့် အဖွဲ့အစည်းများမှ ပညာရှင်များသည် ပုဂံသို့ အကြိမ်များစွာ လာရောက်လေ့လာခဲ့ပြီး စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေးအတွက် ကနဦးအစီအစဉ်များ ချမှတ်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်သည် ပုဂံ၌ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးစာလွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သံရုံးကဖော်ပြထားပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလတွင် စန်ရှီးပညာရှင်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး သဗ္ဗညုဘုရား အရေးပေါ်ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page