ထမင်းစားလို့မဝင်တဲ့ သက်ကြီးရွယ်အိုတွေ အတွက် စားလို့ကောင်းပြီး လုပ်ရလွယ်တဲ့ အာဟာရမုန့်
မိဘတိုင်းက အသက် ၇၀ ကျော်ရင် ထမင်း သိပ်မစားချင်ကြတော့ဘူးလေ။ အဲဒီတော့ အာဟာရ ပြည့်ပြည့်နဲ့ ကောင်းကောင်းလေး စားစေချင်တာ သားသမီးတွေရဲ့ ဆန္ဒပါ။
ထမင်းစားပြီး အချိုတည်းဖို့ ဒီမုန့်လေး လုပ်ကျွေးတော့ ကြိုက်ကြတယ်။ အရသာလည်းရှိ အဟာရလည်းပြည့် လုပ်ရလည်း အရမ်းလွယ်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ဂျုံမှုန့် ၅ ဇွန်း၊ ကြက်ဥ ၅ လုံး၊ သကြား ၃ ဇွန်း၊ ဆား နည်းနည်း၊ ဖီးကြမ်း ငှက်ပျောသီး ၄ လုံး၊ ထောပတ်၊ ပျားရည်တို့ပါပဲ ။
လုပ်ဆောင်နည်းကတော့
(၁) ဂျုံ၊ ကြက်ဥ၊ သကြား၊ ဆား၊ ငှက်ပျောသီးတို့ကို ရောပြီး ဖျော်စက်နဲ့ ကျေအောင်ချေပါ။ (ရေမထည့်ရပါ။)
(၂) မုန့်နှစ်ရရင် မကပ်တဲ့ ဒယ်ပြားအိုးထဲ ထောပတ်နည်းနည်း သုတ်ပြီး မုန့်နှစ် ၁ဇွန်းထည့်ပါ။
(၃) အဖုံးအုပ်ပြီး မီး မျှင်းမျှင်းနဲ့ထားပါ။
(၄) ဖောင်းလာပြီး ကျက်ရင်ယူပြီး ပျားရည်သုတ်ပြီး ရပါပြီ။
ထမင်း မစားချင်တဲ့ လူကြီးတွေသာမက ကလေးငယ်များရော၊ နလံထ လူမမာများပါ အကြိုက်တွေ့ပြီး ခံတွင်းလိုက်စေတဲ့ အာဟာရပြည့်ဝတဲ့ မုန့်လုပ်နည်း ဖြစ်ပါတယ်။