ကျောင်းပို့တာ စာတတ်စေချင်တာလား၊ ကလေးထိန်းစေချင်တာလား (အိမ်သင်ပညာရေး စဉ်းစားတွေး)
အိမ်သင်ပညာရေး စဉ်းစားတွေး (ရေးသားသူ – ဆရာကြီးတင်ညွန့် (၁၅-၆-၂၀၂၂)
အငြိမ်းစား ကျောင်းဆရာကြီး ဦးမြတ်ဆွေ၏ မြေးမလေးသုသု ယခုနှစ် ၅ နှစ်ပြည့်ပြီ။ ပုံမှန်အတိုင်းဆိုလျှင် ကျောင်းပို့ရမည့်အရွယ်။ ဦးမြတ်ဆွေ၏သမီးဖြစ်သူက ဖခင်ကို တိုင်ပင်သည်။ “အဖေ သုသုကို ကျောင်းပို့ရမလား”
“အေး … ကျောင်းပို့ဖို့ဆိုတာ အဖေတို့မှာ ရွေးချယ်စရာ မရှိဘူး။ ဒီပတ်ဝန်းကျင်မှာကလည်း တစ်ကျောင်းပဲ ရှိတာ။ ဒါပေမဲ့ အဖေသိချင်တာက အဲဒီကျောင်းမှာ သူငယ်တန်း ကလေး ဘယ်နှယောက်ရှိသလဲ။ စာသင်ခန်း သူငယ်တန်း ဘယ်နှခန်းခွဲထားသလဲ။ သူငယ်တန်းဆရာ ဘယ်နှယောက်ရှိသလဲဆိုတာ သွားစုံစမ်းပြီးတော့ အဖေ့ကို ပြန်ပြော”
နောက်တစ်နေ့တွင် သမီးဖြစ်သူက ဦးမြတ်ဆွေ ပြောလိုက်သည့်အချက်ကို စုံစမ်းလာသည်။ “အဖေ သူငယ်တန်းကို ဒီနှစ်လာထားတာ ကျောင်းသား ၁၀၀ လောက်ရှိတယ်။ ဆရာမက နှစ်ယောက်တည်း။ ဆရာမတွေကလည်း အသစ်တွေ။ ကလေးတွေကိုလည်း ဟောခန်းကြီးတစ်ခန်းထဲမှာ အားလုံးအတူတူ သင်မှာတဲ့”
“သမီး သုသုလေးကို ကျောင်းမပို့နဲ့တော့” “ဘာဖြစ်လို့လဲ အဖေ” “သမီးက မြေးလေးကို ကျောင်းပို့တာ စာတတ်စေချင်တာလား၊ ကလေးထိန်းစေချင်တာလား” “စာတတ်စေချင်တာပေါ့အဖေ” “အေး … ကလေး ၁၀၀ လောက်ကို ဆရာမနှစ်ယောက်နဲ့ တစ်ခန်းတည်းဆိုတာ ဘယ်လိုနည်းနဲ့မှ စာမတတ် နိုင်ပါဘူးကွယ်။ ကလေး စိတ်ပျက်သွားလိမ့်မယ်။ အိမ်မှာပဲ သင်ပေး” “အိမ်မှာသင်ဆိုတော့လည်း အဖေရယ် … သမီးတို့က အလုပ်တွေနဲ့ ဘယ်လိုသင်ပေးရမလဲ … အဖေသင်ပေါ့” နောက်ဆုံးတွင် ပြဿနာက ဦးမြတ်ဆွေခေါင်းပေါ်ရောက်လာသည်။ “အဖေသင်ပေါ့” ဆိုသည့်စကား။
ဦးမြတ်ဆွေသည် ကျောင်းဆရာလုပ်သက် ၃၁ နှစ်တွင် မူလတန်းကို ၁၀ နှစ်ခန့် သင်ခဲ့သူဖြစ်ပါသည်။ သို့သော် သူက မြေးလေးကို စာသင်ရမှာ ကြောက်သည်။ မြေးဖြစ်သူကို စာ တစ်လုံးစ နှစ်လုံးစ သင်ဖူးသည်။ သူ့မြေးကို စာသင်စဉ်က အဖြစ်အပျက်လေးကို နားထောင်ကြည့်ပါ။
“သုသုရေ” “ဘာလဲဘိုးဘိုး” ဦးမြတ်ဆွေကစာရွက်တစ်ရွက်ပေါ်တွင် ကကြီးကို ရေးလိုက်ပြီး “လိုက်ဆို … ကကြီး” “ကကြီး” “ဟုတ်ပြီ သုသုလေးကတော်လိုက်တာ … ဒီမှာနော် ကကြီးကို ဘိုးဘိုးက ဟောဒီလို လှည့်လိုက်မယ်” သူက စာရွက်လေးကို ပြောင်းပြန်လှည့်ကာ ကလေးရှေ့တွင် ထောင်ပြလိုက်သည်။ “ကကြီးကို ပက်လက်လှန်လိုက်တော့ ယပက်လက်ဖြစ်သွားရောကွယ့် … ဒါကို ဘယ်လိုခေါ်မလဲ … ယပက်လက် … ဆိုကြည့်စမ်း”
“ဘိုးဘိုး” “ဘာလဲမြေး” “ကကြီးကို ပက်လက်လှန်ရင် ကပက်လက်ပဲဖြစ်ရမှာပေါ … ဘာဖြစ်လို့ ယပက်လက်ဖြစ်ရတာလဲ” ပြဿနာကစပြီ။ ဘိုးဘိုး ချွေးပြန်ပြီ။ သူက စာရွက်ပေါ်တွင် ဂငယ်ကို ရေးကာ “မြေးလေး ဒီမှာကြည့် … ဒါကို ဂငယ်လို့ခေါ်တယ် … ဟုတ်ပြီနော် … ဒါဘာလဲ “ဂငယ်” “အေး တော်လိုက်တာ … ဂငယ်ကို ဟောဒီလို ဇောက်ထိုးလှန်လိုက်တော့ …” “နေဦး ဘိုးဘိုး … သမီးမေးတာ မဖြေသေးဘူးလေ” “ဘာလဲကွယ်” “ကကြီးကို ပြောင်းပြန်လှန်ရင် ကပက်လက်မဖြစ်ဘဲ … ဘာဖြစ်လို့ယပက်လက်ဖြစ်တာလဲဆိုတာ” “အေးဖြေမယ်လေ … ဂငယ်ကို ဟောဒီလို ဇောက်ထိုးလှန်လိုက်တော့ ပစောက်ဆိုပြီး ဖြစ်သွားသလိုပဲကွ” “ဘိုးဘိုး” “ဟေ …” “ဂငယ်ကို ဇောက်ထိုးလှန်လိုက်ရင် ဂဇောက်ထိုးပေါ့ … မဟုတ်ဘူးလား”
ကျောင်းဆရာအလုပ် ၃၁ နှစ်ရှိခဲ့သူမှာ မြေးလေးနှင့်ကျမှ ဇောချွေးတွေ ပြန်ရပြီ။ သူ ဆုံးဖြတ်လိုက်သည်။ မြေးလေးသုသုကို သူကိုယ်တိုင် စာသင်၍ မဖြစ်နိုင်။ မြေးလေးက အဘိုးဖြစ်သူထံလာလည်လျှင် တက်ဘလက်ကိုတောင်းသည်။ တက်ဘလက်ကို ပေးလိုက်လျှင် သူ့ဘာသာသူ အင်တာနက်ထဲကို ဝင်တတ်သည်။ ယူကျူ့ ကိုဖွင့်တတ်သည်။ သူ့ကို နှစ်ခါမသင်ရ။ သုသုလေး အကြိုက်ဆုံးမှာ ကာတွန်းကား။ ကာတွန်းကားတွေထဲမှာတောင် သူအနှစ်သက်ဆုံးက “အမွှေစိန်”။
သူအမွှေစိန်ကာတွန်းကို ကြည့်နေလျှင် အလွန်ရယ်ရသည်။ အဘိုးဖြစ်သူကို သူ့ဘေးနား အတင်းထိုင်ခိုင်းသည်။ အမွှေစိန်ကာတွန်းက ရုရှားကာတွန်း၊ ရုရှားစကားပြော။ သူက အမွှေစိန် ဝက်ဝံကြီးကို နိုင်စားပုံတွေအား ကြည့်ပြီး တဟားဟား ရယ်တတ်သည်။
“ဘာဖြစ်လို့လဲမြေး” “ဘိုးဘိုး သိလား ဝက်ဝံကြီးက အမွှေစိန်ကို နင့်ကို နောက်လုပ်ရင် တုတ်နဲ့ ရိုက်မယ်လို့ ပြောလိုက်တော့ အမွှေစိန်က စိတ်ကောက်ပြီး ထမင်းမစားဘူး သိလား။ ဝက်ဝံကြီးက အမွှေစိန်လေးရယ် မရိုက်တော့ပါဘူး ကွယ်တဲ့ … ထမင်းစားပါတဲ့ … ဒီတော့ အမွှေစိန်ကအပြင်ကိုလိုက်ပို့မှ ထမင်းစားမယ်လို့ ပြန်ပြောရော”
ငါးနှစ်သမီးလေးသည် အဘယ်မှာလျှင် ရုရှားစကားတတ်ပါအံ့နည်း။ သို့သော် သူက ရုရှားစကားကို နားလည်သည့်အလား ချက်ကျ လက်ကျပြောနေခြင်းဖြစ်သည်။ သူနားလည်သည့်ကလေးဘာသာစကား။ ဦးမြတ်ဆွေက သူ့ကို ယူကျူ့ ထဲကဝေလငါးကြီးတွေကို ပြသည်။ အင်္ဂလိပ်လိုလည်း အခေါ်အဝေါ်တွေကို ပြောပြကာ လိုက်ရွတ်စေသည်။ ထို့ကြောင့် ဝေလငါး၊ ငါးမန်း၊ မြင်း၊ ကြောင်၊ ကြွက်စသည့် အခေါ်အဝေါ်တွေကို အင်္ဂလိပ်လို အတော်များများရနေသည်။ ယူကျူ့ထဲက ကလေးသီချင်းတွေကိုလည် အမြဲဖွင့်နားထောင်သဖြင့် သူ့မှာ နားယဉ်နေပြီ။ တီလုံးစလိုက် သည်နှင့် လိုက်ဆိုတတ်သည်။
“ဘိုးဘိုး” “ဗျာ” “မြင်းတွေက သွားတွေအကြီးကြီးပဲ … လင်းပိုင်တွေက ဘာဖြစ်လို့ သွားလေးတွေ သေးသေးလေး ဖြစ်နေတာလဲ” “မြင်းတွေက မြက်စားတယ်လေ … ဝါးဖို့ သွားတွေကြီးရမှာပေါ့ … သုသုလည်း သွားတွေနဲ့ထမင်းဝါးရတယ် မဟုတ်လား … လင်းပိုင်တွေကတော့ သိပ်မဝါးဘူးကွ … သူတို့က ငါးတွေကို မြိုချတာ” “ဟာ အစာကို ညက်အောင်မဝါးဘဲ မြိုချရင် အစာမကျေဖြစ်ပြီး ဗိုက်မနာဘူးလား” မြေးသုသုက ထိုသို့သော ကလေးမျိုးဖြစ်ပါသည်။
သူသည် ၃ နှစ်သမီးလောက်ကတည်းက ဖုန်းနှင့်၊ တက်ဘက်လက်နှင့် ကွန်ပျူတာနှင့် ရင်းနှီးထားသူဖြစ်ပြီး သူ့ဦးနှောက်ကို အမြဲသွေးနေသူဖြစ်ရာ သူလိုကလေးကို ကျောင်းပို့လိုက်လျှင် ဘာဖြစ်သွားမည်နည်း။ စနစ်တကျနှင့် ကလေးကို စိတ်ရှည်စွာ ရှင်းပြ၊ ပြောပြနိုင်သူ ဆရာ၊ ဆရာမတွေနှင့် မတွေ့လျှင် သူစိတ်ပျက်သွားလိမ့်မည်။ သူ့အမေးမြန်း စုံစမ်းမှုကို ဒေါက်ခနဲ ခေါက်လိုက်လျှင် သူ့နှုတ်တွေကို သော့ခတ် လိုက်သလို ဖြစ်သွားလိမ့်မည်။
ကလေး၁၀၀ ဆရာနှစ်ယောက်၊ အရေး၊ အဖတ်၊ အတွေး မည်သို့သင်ကြားပေးနိုင်ပါအံ့နည်း။ သုသုလို စူးစမ်းတတ်သူ ကလေးတွေ ထိုအထဲတွင် မည်မျှပါလာမည်မသိ။ ထိုဆရာနှစ်ယောက်တည်းက သင်နိုင်ပါအံ့ လော။ စိတ်ရှည်စွာ ရှင်းပြနိုင်ပါအံ့လော။ ကျောင်းဆရာဟောင်း အဘိုးဖြစ်သူကပင် လက်မြှောက် ချင်သောမြေးကို ဘယ်သူက စိတ်ရှည်စွာ ရှင်းလင်းကာ စာသင်ပေးနိုင်ပါအံ့နည်း။
ဦးမြတ်ဆွေကသမီးကို မေးလိုက်သည် “ဟဲ့ … ကိုရွှေအေးသမီးလေး ကျောင်းပြန်တက်နေသလား” “မတက်ဘူးအဖေ … အလုပ်ထွက်လိုက်ပြီတဲ့” “ငါ့ဆီကို ခေါ်လာစမ်း” တစ်နေ့ ကြည်မြအေး ရောက်လာသည်။ သူက ဦးမြတ်ဆွေထံတွင် စာအုပ်တွေ ငှားဖတ်သည်။ တိုးတက်သော အမြင်ရှိသည့် ဆရာမလေးဖြစ်သည်။
“ကြည်မြအေး” “ရှင်ဆရာကြီး” “ကျောင်းမတက်တော့ဘူးဆို” “ဟုတ်ကဲ့” “ဘာလုပ်စားနေသလဲ” “အထည်ချုပ်စက်ရုံမှာ သွားလုပ်နေတယ် ဆရာကြီး” “အထည်ချုပ်စက်ရုံမှာ တစ်နေ့ ဘယ်လောက်ရသလဲ” “ငါးထောင် … ခြောက်ထောင်လောက်ရတယ်” “တစ်နေ့ ငါးထောင် ခြောက်ထောင်ဆိုတာ တစ်နေကုန် လုပ်ရတာလား” “ဟုတ်တယ်ဆရာကြီး မနက် ၈ နာရီကနေ ညနေ ၅ နာရီ” “တစ်ရက်ကို နှစ်နာရီလောက်ပဲ အလုပ် လုပ်ပြီး အဲဒီလစာလောက်နဲ့ ညီမျှတဲ့ ငွေကိုရရင် လုပ်မလား” “ဟာ ဆရာကြီးကလည်း လုပ်မှာပေါ့”
“အေး … ဒါဆိုရင် စာသင်” “စာမသင်တော့ပါဘူးဆရာကြီးရယ် … တော်ကြာ” “အိုကွယ် ညနေဆိုရင် ငါ့ဆီကိုလာခဲ့ … ဒီမှာပဲ ကလေး ၃ ယောက်လောက်ကို စုထားပေးမယ်။ စာလာပြပေး။ ကလေးတစ်ယောက်ဆီက ၅ သောင်းရမယ်။ ၃ ယောက်ဆိုတော့ တစ်လ တစ်သိန်းခွဲ။ တစ်နေ့မှ နှစ်နာရီပဲ။ စနေ၊ တနင်္ဂနွေ နားလိုက်ဦး” “လုပ်မယ်ဆရာကြီး … သမီးအထည်ချုပ်စက်ရုံက အလုပ်ကိုလည်း လုပ်နိုင်တယ် မဟုတ်လား” “လုပ်ပေါ့ … ညနေပြန်လာမှ အချိန်တစ်ချိန် သတ်မှတ်ပြီး သင်ပေးပေါ့”
ဦးမြတ်ဆွေကို စာသင်ပေးရန် ပူဆာနေသော မိတ်ဆွေနှစ်ဦး၏ ဆန္ဒလည်းပြည့်၊ သူ့မျက်စိအောက် တွင်လည်းဖြစ်၊ သူသင်တာကိုလည်း လေ့လာ၊ ကွန်ပျူတာ၊ တီဗီ၊ အင်တာနက်စသည့် နည်းပညာပိုင်းက ဝိုင်ဝန်း ပံ့ပိုးပေးလိုက်မည်ဆိုလျှင် ကလေးတွေ ပိုလို့တောင်တတ်၊ ပိုလို့တောင်တော်၊ ပိုလို့တောင် ပျော်သွားဦးမည်။ တစ်နိုင်တစ်ပိုင် အိမ်သင်ပညာရေးကို ကြံဆတွေးကြစေချင်သည်။ တစ်ချက်ခုတ် သုံးချက်လောက်ပြတ်နိုင်ပါ သည်။ တင်ညွန့် (၁၅.၆.၂၀၂၂)