ဒေါ်လာမပေးရင် ဆီ မချပေးတဲ့ သင်္ဘောကြီးတွေနဲ့ တံခါးပိတ်ထားတဲ့ ဆီဆိုင်တွေ များလာတဲ့အဖြစ်

မြန်မာနိုင်ငံကို ဆီတွေတင်လာတဲ့သင်္ဘောနှစ်စီး ဆိုက်ရောက်လို့ ဆီပြတ်စရာမရှိဘူးလို့ ပြောဆိုခဲ့ပေမယ့် ပြည်မြို့ စက်သုံးဆီဆိုင်အချို့ ဆီပြတ်လတ်ပြီး ပိတ်ထားတာကြောင့် 92 တစ်လီတာကို ၃၀၀၀ ကျပ်အထိ ပေးဝယ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်သုံးဆီအရောင်းဆိုင်အကြီးတွေမှာပါ ၉၂ နဲ့ ၉၅ တွေပြတ်လတ်နေတာကြောင့် စက်သုံးဆီအကျန်ရှိနေတဲ့ ဆိုင်တွေက ကြိုက်စျေးခေါ်ပြီး ရောင်းချနေတာဖြစ်တယ်လို့သိရပါတယ်။

ပြည်မြို့မှာ မနက်ပိုင်းအချိန်က 92 တစ်လီတာကို ၂၂၀၀ကျော်ကနေ ၂၄၀၀ နီးပါးအထိရှိခဲ့ပြီး 95က ၂၃၀၀ ကျော်ကနေ ၂၄၀၀ ကျော်အထိ ရောင်းချခဲ့ရာ ညနေမှာတော့ ဆိုင်အချို့က စက်သုံးဆီပြတ်လတ်မှုအပေါ်မူတည်ကာ ဆီစျေးကိုကြိုက်စျေးခေါ် ရောင်းချနေတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

မေလ ၂၂ ရက်နေ့တုန်းကလည်း မြန်မာနိုင်ငံကို တန်ချိန်ပေါင်း ဓာတ်ဆီ ၁၇၂၀၀ သယ်ဆောင်လာတဲ့ MT YU HAI သင်္ဘော နဲ့ တန်ချိန်ပေါင်း (20000)သယ်ဆောင်လာတဲ့ Aberlour သင်္ဘော ၂ စီးရောက်ရှိထားတယ်လို MPTA က ပြောဆိုထားပါတယ်။

ဒါပေမယ့် လည်း လက်ရှိအချိန်အထိ ထို သင်္ဘော (၄) စီးအနက် (၂) စီးသာ မေ ၂၁ ရက် ဆိပ်ကမ်းတွင် ဆီချနိုင်သေးပြီး ကျန်နှစ်စီးမှာ ဆီမချရ​သေးကြောင်း အသင်းကထုတ်ပြန်ထားပါတယ်။

ငွေပေးချပြီးမှသာ စက်သုံးဆီချပေးသည့် စနစ်ဖြင့် နိုင်ငံခြားမှ စက်သုံးဆီတင်သွင်းနေခြင်းဖြစ်​သော​ကြောင့် သင်္ဘော​ရောက်​သော်လည်း စက်သုံးဆီ ဝယ်ယူရန် ဒေါ်လာ မလုံလောက်ခြင်းကြောင့် ဆီမချနိုင်​သေးတာလို့ သိရပါတယ်။

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ SME စက်သုံးဆီအရောင်းဆိုင်များအား ရောင်းချပေးလျက်ရှိကာ ဝယ်ယူခွင့်ရရှိသူများအား တစ်လအတွင်းလာရောက်ထုတ်ယူရမည်ဟု MPTA မှအသိပေးထုတ်ပြန်ခဲ့ပါတယ်။

ထိုသို့ ရောင်းချပေးရာတွင် ရန်ကုန်တိုင်း၊မန္တလေး တိုင်းနှင့်နေပြည်တော်တို့ရှိ စက်သုံးဆီအရောင်းဆိုင်များအား ဦးစားပေးအဆင့်အဖြစ် 92 လီတာ ၆၀၀၀ နှင့်ကျန်ရှိသည့် တိုင်းနှင့်ပြည်နယ်များအား ဒုတိယဦးစားပေးအဖြစ် 92 လီတာ ၄၀၀၀ အား အချိုးကျစနစ်ဖြင့် ခွဲဝေပေးရန် မေ ၂၀ ရက်ကပြုလုပ်သည့် အသေးစားနှင့်အလတ်စား စက်သုံးဆီဆိုင်လုပ်ငန်းများကော်မတီ အစည်းအဝေး ၌ ဆုံးဖြတ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အသီး သီး၌ ခွဲတမ်းဖြင့်ဝယ်ယူခွင့်ရရှိသည့် စက်သုံးဆီဆိုင် ၃၂၄ ဆိုင်ရှိကြောင်း MPTA ၏ထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုသို့ ဝယ်ယူရာတွင် စက်သုံးဆီဈေးသတ်မှတ်ချက်သည် မေ ၂၁ ရက်က PPRD မှထုတ်ပြန်သည့် လက်ကားရည်ညွှန်းဈေးအတိုင်း ဝယ်ယူရမည်ဖြစ်ကာ ဝယ်ယူခွင့်ရရှိသော စက်သုံးဆီအရောင်းဆိုင်များသည် သက်ဆိုင်ရာ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများနှင့်ဆက်သွယ်၍ မေ ၂၆ ရက်နောက်ဆုံးထားကာ စက်သုံးဆီဝယ်ယူရန်ငွေသွင်းခြင်း၊စက်သုံးဆီထုတ်ယူခြင်းများအား သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရမယ်လို့ သိရပါတယ်။

ထုတ်ပြန်ချက်ကတော့ ငွေအရင်သွင်းပြီးမှ ဆီခွဲတမ်း ရမယ်ဆိုတဲ့သဘောပါပဲ။ ပင်လယ်ဝမှာ စောင့်နေတဲ့ ဆီသင်္ဘောကြီးတွေကလည်း ဒေါ်လာပေးမှ ဆီချပေးမှာပါ။ အဲဒီတော့ မြန်မာနိုင်ငံ အခြေအနေကလည်း သီရိလင်္ကာမှာလို့ ဆီပုံးတွေ တရုန်းရုန်းနဲ့ ဖြစ်ကြဦးမှာလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page