ရန်ကုန်တွင် ဓာတ်ဆီသုံး တက္ကစီ အားလုံးနီးပါး ရပ်နား၊ CNG တက္ကစီ အုံနာခများ တဟုန်ထိုးတက်နေ

စက်သုံးဆီစျေးမြင့်တက်မှုကြောင့် CNG သုံးတက္ကစီများ၏ အုံနာခမှာ တစ်ရက်လျင် ကျပ် နှစ်သောင်း အထိ တိုးမြှင့်တောင်းယူလျက်ရှိကြောင်း ယာဉ်မောင်းတချို့ထံမှ သိရပါတယ်။

စက်သုံးဆီစျေးတက်နေ၍ ဆီသုံးတက္ကစီအများစု ပြေးဆွဲမှုရပ်နားကာ ကုန်ကျ စရိတ်သက်သာသည့် CNG-ဂတ်(စ်) ကားများကို ရှာဖွေငှားရမ်းမှုများလာပြီး ယင်းကားများ၏ အုံနာခမှာလည်း အထက်ပါဈေးနှုန်းအတိုင်း မြင့်တက်သွားခြင်းဖြစ်တယ်လို့ သိရပါတယ်။

“အုံနာတွေကလည်း စျေးပိုပေးတဲ့ လက်ထဲအပ်တယ်။ CNG ကားမရလို့ ထိုင်စောင့်နေတဲ့ သူလည်းမနည်းဘူး”ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ ယခင်က CNG ကားများ၏ တစ်ရက်အုံနာခမှာ ကားအမျိုးအစားပေါ်မူတည်၍ ကျပ် (၁၀၀၀၀) မှ (၁၂၀၀၀) ထိ ပေါက်စျေးရှိပြီး ယခုဆိုလျင် ကျပ် (၁၇၀၀၀) မှ ကျပ် (၂၀၀၀၀) အထိရှိကြောင်း သိရပါတယ်။

စက်သုံးဆီသုံး တက္ကစီများမှာ လက်ရှိအချိန်အထိ အုံနာခ ကျပ် (၈၀၀၀) ဝန်း ကျင်၌သာရှိကြောင်း တက္ကစီယာဉ်မောင်းများက ဆိုပါတယ်။

ဆီကားများမှာ တစ်ရက်လျှင် ကျပ် နှစ်သောင်းဖိုးထက်မနည်း ဆီထည့်ရပြီး CNG ကားမှာ ဂတ်(စ်)ဖိုးကျပ် (၃၀၀၀) ခန့်သာ ကုန်ကျသည့်အတွက် ဆီကားမောင်းသူနည်းလာတယ်လို့ သိရပါတယ်။

“အခု ဆီကားသမားတွေက ဆီဖိုးတောင် ပြန်မရလို့တိုင်ပတ်နေတာ။ ဆီစျေးထပ်တက်ရင် ပိုပြီးရပ်ကုန်မှာ”ဟု သင်္ဃန်းကျွန်းမြို့နယ်မှ တက္ကစီယာဥ်မောင်းတစ်ဦးကလည်း မှတ်ချက်ပြုပြောပါတယ်။

လက်ရှိတွင် ရန်ကုန်၌ ပြည်တွင်းစက်သုံးဆီစျေးမှာ တစ်လီတာလျင် ကျပ် (၂၂၀၀) မှ (၂၆၀၀) အထိရောက်ရှိ နေကာ ယခုရက်ပိုင်းအတွင်း နေ့စဉ် တစ်လီတာလျင် ကျပ် (၅၀) မှ (၁၀၀) ထိမြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page