လှည်းတန်းရဲ့ သမိုင်းဝင် ဈေးဆိုင်တန်းကို စကစက ခြိမ်းခြောက်ပြီး ရောင်းချခွင့်အပြီးပိတ်ပင်

အာဏာသိမ်းစစ်‌ကောင်စီက ‌ရန်ကုန်မြို့ လှည်းတန်းဝန်းကျင်ရှိ လမ်းဘေး‌ဈေးသည်များအား ​ရောင်းချခွင့်ပိတ်ပင်တားမြစ်သောကြောင့် ယနေ့ညနေပိုင်းရောင်းချရန် ပြင်ဆင်ထားသူများ အခက်တွေ့ခဲ့ရပါတယ်။ ‌ဇွန်လ၂ ရက် ညနေတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်များကိုင်ဆောင်၍ လမ်းဘေးဈေးဆိုင်များကို မဖွင့်ရန် အင်အားသုံးခြိမ်းခြောက်တားဆီးခဲ့တာ ဖြစ်ပါတယ်။

“မနက်ဖြန်ကစပြီး လမ်းဘေးဆိုင်တွေမဖွင့်ရတော့ဘူးတဲ့။ အရင်လို လမ်းကြားတွေထဲမှာတောင် မဖွင့်ရဘူးတဲ့” ဟု စည်ပင် နှင့်စစ်ကောင်စီ များလာရောက်ပြောကြားသွားသည့်အကြောင်းကို ဈေးသည် အမျိုးသားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီအဖွဲ့များပြန်သွားချိန်တွင် ညနေပိုင်း၌ ရောင်းချရန် ပြင်ဆင်ထားသည့် လမ်းဘေးသည်များက ဆိုင်များခင်းခဲ့သော်လည်း ညနေ ၆နာရီအချိန်ခန့်တွင် စစ်ကောင်စီများ ပြန်လည်ရောက်ရှိလာ၍ အနီးရှိလမ်းကြားများထဲသို့ ဝင်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

“ပထမတစ်ခေါက်တုန်းက မနက်ဖြန်ဆိုပြီး နောက်တစ်ခေါက်လာတော့ မမြင်ချင်ဘူးဆိုပြီး အကုန်တန်းသိမ်းခိုင်းတာ”ဟု ဈေးသည်တစ်ဦးက ပြောပါတယ်။ ယခင်က လမ်းဘေးဈေးသည်များကို ပိတ်သိမ်းခိုင်းပါက အင်းစိန်လမ်းမပေါ်မှ ဈေးသည်များကိုသာ ဖိအားပေးလေ့ရှိသော်လည်း ယခုတစ်ကြိမ်၌ လှည်းတန်းလမ်းမအပါအဝင် လှည်းတန်းဈေးအတွင်း၌လည်း ခွင့်မပြုကြောင်း ဈေးသည်များက ပြောပါတယ်။

“ပလက်ဖောင်းပေါ်ကိုရောက်တာနဲ့ သိမ်းမယ်လို့ ခြိမ်း ခြောက်သွားတယ်”ဟု လှည်းတန်းဈေးမှ ဈေးရောင်းသူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့သည့် ရက်ပိုင်းက လှည်းတန်း‌ဈေး‌အတွင်း၌ ကားတစ်စီးက လမ်းဘေးဈေးဆိုင်များကို တိုက်မိခဲ့သော ကြောင့် ပြဿနာဖြစ်ခဲ့ဖူးပြီး ယင်းကားမောင်းလာသူမှာ စစ်​ကောင်စီတပ်မှ အရာရှိဖြစ်ကာ ၎င်းက မကျေနပ်၍ တိုင်းအဆင့်အထိ တိုင်ကြားသောကြောင့် လမ်းဘေးဈေးဆိုင်များကို ပစ်မှတ်ထားခြင်းဖြစ်နိုင်ကြောင်း ဈေးသည်တစ်ဦးက ပြောပါတယ်။ “ကြုံတုန်း အကုန်ရောချတာဖြစ်မှာ”ဟု အထက်ပါဈေးသည်က ပြောပါတယ်။ (လူထုနွေဦး)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page