ဂျင်းထည့်သမျှ အယုံလွယ်လွန်းတဲ့ ရွှေမြန်မာတွေနဲ့ အအေးစုပ်ပိုက် ဂယက် (ဒါတွေက ဖြစ်မှာပဲ)

ကျနော်တို့ လူမျိုးက အယုံလွယ်တယ်။ ခပ်တည်တည်နဲ့ ဟိတ်နဲ့ဟန်နဲ့သာ ဖိန့် ယုံပီးသားပဲ။ ဒါကိုသိတဲ့ လူနောက်တချို့က သူတို့ပျင်းတိုင်း ဖေ့စဘုတ်မှာ ခပ်တည်တည်နဲ့ ဖွလေ့ရှိတယ်။ ကိုယ့်လူတွေကလည်း… “အော် ဟုတ်လား၊ ခုမှ သိတယ်” ဆိုတာချည်း။

တခါက တွေ့လိုက်တယ် တောင်သမန်က ဦးပိန် တံတားကြီးဟာဖြင့် အရှည် ဘယ်လောက်ရှိပါတယ်၊ ဘယ်နှခုနှစ် ဘယ်မင်းလက်ထက်က ဘယ်သူ တည်ဆောက်ခဲ့ပါတယ်။ ဘာညာ … (ဖိန့်နေတာ ကိန်းဂဏန်းတွေနဲ့) “အဲ့တံတားပေါ်မှာ ချစ်သူလက်ကိုတွဲပီး အဆုံးထိလျှောက်ရင် ဘဝတစ်လျှောက်လုံး ပေါင်းရတတ်တယ်” (ဒါက လူပိန်းသည်းချေကြိုက် ဂျင်းကျွေးလိုက်တာ) အဲဒီမှာဗျာ… အဲ့ပို့ကို ရှယ်ကြ အဲ့ပိုစ့်အောက်မှာ ချစ်သူကို မန်းရှင်းခေါ်ကြနဲ့ အုန်းအုန်းကို ထ လို့။

“ကိုရေ သွားလျှောက်ရအောင်နော်” တို့။ “သဲလေး… မနက်ဖန် သွားရအောင်” တို့။ “မောင် နောက်မကျခင် လိုက်ပို့နော်” တို့။ ယုံလည်းယုံ ရူးလည်းရူးကြတာများ မြင်မကောင်းဘူး။ ကျနော် မန်းလေးသား။ ဦးပိန်တံတားပေါ် အကြိမ်များစွာ ဖြတ်သန်းဖူးတယ်။ ချစ်သူ ပေါင်းစုံနဲ့ လက်ချင်းတင်မကဘူး၊ ခြေချင်းပါချိပ် လျှောက်လို့ ပေါင်တွင်းသားတွေတောင် ပွန်းဖူးတယ်။ တံတားအဆုံးထိ မကဘူး၊ တံတားထိပ်က ချုံထဲထိ ဝင်ဖူးတယ်။ သူပြောသလိုသာ ညားကျကြေးဆို… ကျုပ်အခု မိန်းမ ၉ ‌ယောက်လောက် ရနေပြီပေါ့။

နောက်တစ်ခုက ဘာတဲ့ ‘အိမ်တွေမှာ လှေကားထစ်ကို မဂဏန်းထားတဲ့’ ကိစ္စ။ သူပြောတာက (ဂျင်းကျွေးတာက) လူတွေကတဲ့… ခြေလှမ်း စလှမ်းရင် ဘယ်‌ခြေကစတယ်တဲ့ ညာခြေနဲ့ ဆုံးတယ်တဲ့။ ဘယ်ခြေနဲ့ စလှမ်းပီး ဘယ်ခြေနဲ့ဆုံးရင် ခြေလှမ်းမှားတယ်တဲ့။ ဒါ့ကြောင့်… မဂဏန်းပဲ ထားရတာတဲ့။

အေးတာပဲ။ အဲ့လို ယူဆချက်သာမှန်ရင် စလုံးကကောင်တွေ ခြေလှမ်းတွေ ခနခနမှားပီး၊ လှေခါးထစ်ကနေ ဂျွမ်းပြန်ကျလို့ ဆေးရုံကကို ပြန်ရမှာ မဟုတ်ဘူး။ စင်ကာပူမှာက… လှေခါးထစ်ကို စုံတွေ မတွေ ကြည့်နေတာ မဟုတ်ဘူး။ ကျချင်ရာကျ၊ အဓိကက ‘အကျော် နဲ့ အနင်း’ မှာ သူ့သတ်မှတ်ထားတဲ့ စံနှုန်းကိုက်နေဖို့ပဲ ကြည့်တာ။

ဒါ့ကြောင့် စလုံးက လှေခါးထစ်တွေ လာရေကြည့် စုံရော မရော ပြည့်လို့။ အမှန်တကယ်က ဒီ မကိန်းထားတဲ့ အကြောင်းက ကျနော်တို့ မြန်မာ့ရှေးရိုး မိရိုးဖလာယုံကြည်မှုအရ ထားကြတာ။ အများယုံကြည်ထားတာက ခြေလှမ်းလှမ်းတဲ့အခါ ‘လူ၊ နတ်၊ ဘီလူး’ ရေတွက်လို့ ဘီလူးကျတဲ့အထစ်ကို မထားရဘူးတဲ့။ မဂဏန်းကျတိုင်းတောင် ထားရတာမဟုတ်ဘူး။ ခုန ပြောတဲ့ လူ နတ် ဘီလူးကြီး ကြောင့်။ ဆိုတော့… ဆောက်တဲ့ အင်ဂျင်နီယာတွေအတွက် တခါတခါ အဲ့ကိစ္စကြီးက အတော်တိုင်ပတ်တာ။

အဓိကကျတဲ့… အကျော် အနင်း limitation ကို မစဉ်းစားရဘူး၊ မဂဏန်းဖြစ်ဖို့နဲ့ ဘီလူးနဲ့ မညားအောင် အရင်လုပ်နေရတာရက တမှောက်။ ထားတော့… ချုံ့ပြောရရင် သူပြောတဲ့ ဘယ်ခြေ ညာဆုံးကြောင့် မဟုတ်ဘူး ရိုးရာယုံကြည်မှု လူနတ်ဘီလူးကြောင့်။

နောက်တစ်ခုက… “မွေးနေ့၊ သောကြာ၊ တနင်္လာ၊ ကေသာဆံဖြတ် မပြုအပ်” ဆိုတဲ့ ကိစ္စ။ အဲ့ဟာကြီးနဲ့ပတ်သက်ပြီး ရှိရင်းစွဲ မူကွဲ ၂ မျိုး ရှိတယ်။ ပထမတစ်ခုက… မွေးနေ့ရယ်၊ သောကြာနေ့ရယ်၊ တနင်္လာနေ့ရယ်မှာ ဆံပင် မညှပ်ရဘူးတဲ့။ (ဘာလို့မှန်း မသိဘူး) ဒုတိယတစ်ခုက… မွေးနေ့က သောကြာ ဆိုရင် တနင်္လာနေ့မှာ ဆံပင် မညှပ်ရဘူးတဲ့။ (ဒါလည်း ဘာလို့မှန်း မသိဘူး)

ဘယ်ဟာက ဘာလို့မှန်း မသိပေမယ့် မြန်မာအများစုက တနင်္လာနေ့ဆို ဆံပင် မညှပ်ကြလွန်းလို့ ကျုပ်တို့ရပ်ကွက်က… “ဘာလာလာ -စ်ပုံ၊ ကိုချစ်ယုံ” ဆိုင်တောင် ‘တနင်္လာနေ့တိုင်း ဆိုင်ပိတ်သည်” ပဲ။ ထားတော့… အဲ့လို မျိုးကွဲ ၂ ခုနဲ့ နေလာလိုက်တာ ဖေ့စဘုတ်လည်းပေါ်လာရော နောက် တတိယမျိုးကွဲတစ်ခု တိုးလာပါလေရော။ ဘာတဲ့… မြတ်စွာ ဘုရားက သောကြာသားတဲ့ ဘုရားဖြစ်ဖို့ ဆံတော်ပယ်တာက တနင်္လာနေ့တဲ့။ ဒါ့ကြောင့် သောကြာသားတွေ တနင်္လာနေ့မှာဆံပင်ညှပ်ရင် ဘုရားကို ယှဉ်တုသလို ဖြစ်လို့ မလုပ်ကောင်းဘူးတဲ့။
အေးတာပဲ။

ကဲလေ… ဘုရားလုပ်လို့ လိုက်မလုပ်ရဘူးဆိုရင် မြတ်စွာဘုရား ဆွမ်းစားတယ်၊ ခများတို့ ထမင်းမစားကြနဲ့၊ ဘုရားကို တုပသလို ဖြစ်မယ်။ မြတ်စွာဘုရားက ရေသောက်တယ်၊ ခများတို့ ရေလိုက်မသောက်နဲ့၊ ဘုရားကို တုပသလို ဖြစ်မယ်။ မြတ်စွာဘုရားက ကျိန်းစက်တယ်၊ လမ်းလျှောက်တယ်၊ လဲလျောင်းတယ်၊ စကားပြောတယ်၊ ကုန်ကုန်ပြောမယ်ဗျာ ဘုရားဟာ နိဗ္ဗာန်ရောက်ကြောင်း ကျင့်ကြံသွားတယ်၊ ခများတို့ လိုက်မကျင့်ကြနဲ့၊ ဘုရားကို တုပသလို ဖြစ်မယ်။ မဟုတ်ဘူးလားဗျာ သူပြောသလို ဘုရားလုပ်လို့ လုပ်မလုပ်ရဘူးဆိုရင် ပြောတာပါ။

ဒီနေ့ တက်လာတာက အအေးဘူးနဲ့ စုပ်တဲ့ ပိုက်ကိစ္စ။ ဒါကြီးကို အဟုတ်မှတ်နေကြတော့ ဘယ်လို ရှင်းပြရမှန်းကို မသိတော့ဘူး။ ဘာမှ တွေးမနေပါနဲ့ဗျာ ဘူးထဲကို သူပြထားသလို ပိုက်အတိုဘက်က ထည့်စုပ်မှ မှန်တယ်ထင်ရင် လိုက်လုပ်ကြည့်။

ပြီးရင်… ခါတိုင်း စုပ်နေကျအတိုင်း ပိုက်အရှည်ဘက်က ထည့်စုပ်ကြည့်။ ဘယ်ဟာက ပိုပီး စမတ်ကျသလဲ ဘယ်ဟာက ပိုပြီး အဆင်ပြေသလဲ ဘယ်ဟာက ပိုပြီး အရည်ကို ကုန်အောင် စုပ်နိုင် သလဲ ဘယ်ဟာက ဘူးကို တည့်တည့်ကိုင်ပီး၊ လူက ဟန်မပျက် (ခေါင်းမငုံ့၊ ခေါင်းမစောင်းဘဲ) စုပ်လို့ရသလဲ။ ဘူးနဲ့ စမ်းလို့မှ မကျေနပ်ရင် ပုလင်းနဲ့ ကြိုးစားကြည့်။ ပိုသိသာလိမ့်မယ်။

ထင်ရှားအောင် ပြောရရင်… ခများတို့ ထင်းခုတ်တဲ့အခါ ဒါးကို… ဒါးရိုးဘက်က ကိုင်ခုတ်သလား ဒါးသွားဘက်က ကိုင်သလား ဘယ်ဘက်က ကိုင်ခုတ်မှ အဆင်ပြေသလဲ အဲ့အဖြေကို သိရင် ခု စုပ်တဲ့ ကိစ္စလည်း အတိုကို စုပ်ရမလား? အရှည်ကို စုပ်ရမလား? ဘယ်လိုစုပ်မှ ဘဝင်ကျသလဲ ဆိုတာ သိသွားပါလိမ့်မယ်။

အယုံမလွယ်ကြပါနဲ့ ဟုတ်၏ မဟုတ်၏ ဖြစ်နိုင်၏ မဖြစ်နိုင်၏ စဉ်းစားကြပါအုံး အယုံလွယ်တာ မကောင်းဘူး။ ဓာတ်ဆီ ဓာတ်ဆန် ပြောသလို ပြောရရင် “ကျုပ်တို့ ရပ်ကွက်က အပျိုကြီး၊ အယုံလွယ်ချက်ကတော့၊ ကလေး ၄၆ ယောက်ရှိတာ ဘယ်သူ့ အ‌ဖေ ခေါ်ရမှန်း မသိဘူး” ဆိုတာလို ဖြစ်မယ်။ Use your brain သန်၄ကို – စဆရက

Leave a Reply

Your email address will not be published.

x

You cannot copy content of this page