ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ကြီးတွေ စက်သုံးဆီပြတ်လပ်၊ ဈေးနှုန်း အမြင့်ဆုံးကို ရောက်ရှိနေ

ပြည်တွင်းစက်သုံးဆီဈေးကွက်မှာ မေ ၃၁ရက် ပေါက်ဈေးအရ ရန်ကုန်မှာ ဓာတ်ဆီအောက်တိန်း 92 တစ်လီတာကို ၂၂၂၅ ကျပ်အထိ ရှိနေပြီး ဒီဈေးနှုန်းဟာ တစ်လအတွင်း အမြင့်ဆုံးဈေးပဲဖြစ်ပါတယ်။ ရန်ကုန်မှာ မေ ၃၁ ရက် ပေါက်ဈေးအရ ဓာတ်ဆီအောက်တိန်း 92 တစ်လီတာကို ၂၂၂၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၂၃၄၀ ကျပ် ရှိပြီး ရိုးရိုးဒီဇယ်တစ်လီတာကို ၂၃၇၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာကို ကျပ်၂၄၀၀ အထိရှိနေတာဖြစ်ပါတယ်။

နေပြည်တော်နဲ့ မန္တလေးအပါအဝင် တခြားဒေသတွေမှာလည်း စက်သုံးဆီဈေးတွေက အမြင့်ဆုံးအနေအထားမှာ ရှိနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်ဖြန့်ဖြူးရောင်းချသူများအသင်းအနေနဲ့ ပြည်တွင်းမှာ စက်သုံးဆီ လုံလောက်မှုရှိသလို စက်သုံးဆီသင်္ဘောတွေလည်း အဆက်မပြတ်ဝင်နေတယ်လို့ ထုတ်ပြန်ထား ပေမယ့် လက်ရှိမှာစက်သုံးဆီဈေးအတက်အကျမငြိမ်ဘဲ အမြင့်ဈေးမှာဆက်ရှိနေတာဖြစ်ပါတယ်။

စက်သုံးဆီဈေးမြင့်တက်နေရုံမကဘဲ တချို့စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီကိုအကန့်အသတ်နဲ့ပဲ ဝယ်ယူနေ ရတယ်လို့လည်း လူမှုကွန်ရက်မှာ သတင်းတွေပျံ့နှံနေပါတယ်။ ရန်ကုန်မြို့မှာလည်း ယနေ့ (မေ ၃၁) ညနေပိုင်းမှာ ဆီဆိုင်တချို့ ဆီပြတ်လပ်မှု ဖြစ်ပေါ်နေပြီး ဒီဇယ်ဆီပဲ ရောင်းစရာ ကျန်ရှိနေတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာလည်း စက်သုံးဆီများ ပြတ်လုပ်နေပြီး ၉၂ နှင့် ၉၅ များ ဆီပြတ်လပ်ကာ တချို့ ဆိုင်များ အရောင်း ပိတ်ထားတယ်လို့ ဒေသခံများထံက သိရှိရပါတယ်။ ဒေသခံ တဦးက “ဓာတ်ဆီက အရောင်းပြတ်နေတယ်။ အိမ်ကကားကတော့ ဆီအပြည့်ရှိသေးလို့ တော်သေးတယ်။ အခုပဲ ဆိုင်ကယ်ကို ဆီသွားထည့်တာ Denko နှင့်ရွှေတောင်တန်း၊ PT နဲ့ အခြား ဆီဆိုင်တွေရဲ့ ဝင်လိုက် တာနဲ့ လက်ခါ ပြတာပဲ။ အဲ့ဒါနဲ့ လမ်းဘေးမှာ ရောင်းတဲ့ ဆီပေါ့ (ဒေသအခေါ် ချက်ဆီ)အဲ့ဒါကို ထည့်လာရတယ်၊ ဒါတောင် ဆိုင်ကယ် တစ်စီးကို ၂၀၀၀ ဖိုးပဲ ထည့်ပေးကြတာ။ မနေ့ကညနေပိုင်းကတည်းက စပြီး ဆိုင်တွေမှာ ထည့်လို့ မရတော့တာ” လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိတွင် မန္တလေးမြို့ရှိ Denko နှင့်ရွှေတောင်တန်း အစရှိသည့် ဆိုင်အချို့တွင် စက်သုံးဆီပြတ်လပ်နေမှုနှင့် သက်ဆိုင်ရာ ဆီအသင်းနှင့် ဌာနဆိုင်ရာတွေဘက်ကတော့ သီးခြားထုတ်ပြန်တာမရှိသေးပါဘူး။

နောက်ထပ် ဒေသခံ တဦးကတော့ “Denko ကတော့ ဘာမှ မရှိတော့ဘူး။ Asia energy မှာ ဒီဇယ်ပဲ ရတယ်။ ကားပဲ ပေးထည့်တယ်။ ပုံးတွေနဲ့ လာဝယ်လို့ မရတော့ဘူး။ မြို့ပြင်က ဆိုင်အချို့မှာတော့ ၉၅ တော့ ရသေးတယ်။ ၃၆၀ ဆိုင်မှာတော့ ၉၂ နဲ့ ဒီဇယ် ဝယ်လို့ရသေးတယ်။ နာမည်မရှိတဲ့ ဆိုင်တွေပေါ့၊ လူသိပ်မထည့်တဲ့ဆိုင်တွေမှာတော့ ဆီရသေးပေမယ့် ဈေးအရမ်းများတယ်”လို့ ပြောပါတယ်။

အခုလို မန္တလေးမြို့တွင်းတွင် ဆီပြတ်လပ်တဲ့ အခြေအနေရှိသလို အနီးပတ်ဝန်းကျင်က နယ်မြို့အချို့မှာလည်း မြို့တွင်းဆိုင်တွေမှာ ဆီတစ်ခါထည့်လျင် ကားတစ်စီးကို ကျပ် (၂၀၀၀၀) သာထည့်လို့ရနေကြောင်းလည်း အဆိုပါ မြို့ခံတွေထံက သိရှိရပါတယ်။

နေပြည်တော်က ဆီပန့်အချို့‌မှာ လက်ကျန်ဆီလျော့နည်းနေတာကြောင့် စက်သုံးဆီအမျိုးအစားအချို့ လတ်တလောမှာ မရရှိနိုင်သေးဘူးလို့ ဆီထည့်ပြီးပြန်လာသူတွေဆီက သိရပါတယ်။ ဆီဆိုင်တွေမှာလည်း မီးနီပြထားတဲ့ ဆီဈေးနူန်းထဲက ဆီတွေသာ လက်ကျန်ရှိတော့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဆီထည့်ပြီး ပြန်လာသူတဦးက “ဆီပန့်တိုင်း မရတာတော့မဟုတ်ပါဖူး ရတဲ့ဆိုင်တော့ ထည့်လို့ရပါတယ်၊တချို့ဆိုင်က 92 မရဖူး 95 ရတယ်၊ တချို့ဆိုင်က 95 မရဖူး 92 ရတယ်၊ အနီးနားဆီပန့်တွေက မရတော့ ၃ဆိုင်လောက်တော့ ပတ်လိုက်ရတယ်၊ ဆီပြတ်တယ်ဆိုပြီး သတင်းတွေထွက်တော့ ကြောက်လန့်ပြီး တန်းစီထည့်နေရတယ်” လို့ ပြောပါတယ်။

မြို့ကြီးတွေမှာ ဆီပြတ်လပ်မှု ဖြစ်ပေါ်နေပြီး နောက်ထပ် ဆီသင်္ဘောတွေ မဝင်လာရင် လုံးဝ ပြတ်တောက်သွားမယ့် အနေအထားမှာ ရှိနေပါတယ်။ ပုံးနဲ့ ရောင်းချတာတွေကိုလည်း ဆီဆိုင်တွေက ရပ်နားလိုက်ခြင်းကြောင့် မီးစက်မောင်းမယ့်သူများလည်း ဒုက္ခရောက်နေကြပါတယ်။ စက်သုံးဆီ ဈေး အဆမတန်ကြီးမြင့်မှုကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်လုနီးပါးဖြစ်နေပြီး ကဏ္ဍအားလုံး အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page