လူ့အီအီးကနေ လျှပ်စစ် ပြန်လည် ထုတ်ပေးနိုင်မယ့် အိမ်သာကို တီထွင်လိုက်တဲ့ တောင်ကိုရီးယား

လူ့အီအီးကနေ လျှပ်စစ်ဓာတ်အားပြန်လည် ထုတ်လုပ်ပေးနိုင်သော အိမ်သာတစ်မျိုးကို တောင်ကိုရီးယားနိုင်ငံ အာလ်ဆန်အမျိုးသားသိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ မြို့ပြနှင့် သဘာဝပတ်ဝန်းကျင် အင်ဂျင်နီယာပညာရပ် ပါမောက္ခ ချိုဂျေးဝန်က စမ်းသပ်တီထွင်လိုက်ပါတယ်။

အဆိုပါအိမ်သာကို “ဘီးဗီ” (BeeVi) ဟု အမည်ပေးထားပြီး Bee နှင့် Vision အင်္ဂလိပ်ဝေါဟာနှစ်ခုကို တွဲစပ်ထားခြင်းဖြစ်ပါတယ်။ အဆိုပါအိမ်သာကို အာလ်ဆန်တက္ကသိုလ်အတွင်းတွင် စမ်းသပ်တပ်ဆင်ပေးထားခြင်း ဖြစ်ပါတယ်။

အိမ်သာတွင်းသို့ ရောက်ရှိလာသော အီအီးနှင့် ကျင်ငယ်ရည်များမှ မီသိန်းဓာတ်ငွေ့ကိုပြန်လည်ထုတ်လုပ်ကာ ယင်းကို အပူစွမ်းအင်အဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်ပါတယ်။

လူတစ်ဦးသည် တစ်နေ့လျှင် ၅၀၀ ဂရမ်မျှ အလေးချိန်ရှိသော အီအီးကိုစွန့်လေ့ရှိပြီး၊ ယင်း အီအီးပမာဏကို မီသိန်းဓာတ်ငွေ့အဖြစ် ပြောင်းပါက မီသိန်းဓာတ်ငွေ့ ၅၀ လီတာ ပမာဏကိုရရှိမည်ဖြစ်ကာ ယင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ၅၀၀ ဝပ်ကို ထုတ်လုပ်နိုင်ကြောင်း၊ အဆိုပါ လျှပ်စစ်ဓာတ်အားသည် လျှပ်စစ်ကားတစ်စီးအား တစ်မိုင်၏ ၄ ပုံ ၃ ပုံအဝေးအထိမောင်းနှင်စေနိုင်ကြောင်းကိုလည်း ပါမောက္ခ ချိုဂျေးဝန်က ရှင်းပြပါတယ်။

ပါမောက္ခ ချိုဂျေးဝန်က “ကျွန်တော်တို့ဟာ အီအီးကို ညစ်ပတ်တဲ့အရာတွေလို့ အမြဲထင်ခဲ့ကြပါတယ်။ ခုတော့ အဲဒီအီအီးတွေကနေ ငွေပြန်ရဖို့ အခွင့်အလမ်းရှိလာနေပါပြီ” “နောင်ဆိုရင် အိမ်သာထဲမှာ အပေါ့အပါး အလေးအပင် စွန့်သူတွေဟာ ပိုက်ဆံတွေရလာပါတော့မယ်” လို့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page