ကရိန်းဂီယာ ပါလားလို့တောင် ထင်ရတဲ့ သာဓုကန် စက်မှုဇုန်ထုတ် လျှပ်စစ် မီးစက်ကား
ယနေ့ အွန်လိုင်းပေါ်မှာ ရွှေပြည်သာ သာဓုကန် စက်မှုဇုန်ထုတ် လျှပ်စစ် မီးစက်ကားရဲ့ ဓာတ်ပုံတွေ ပျံ့နှံ့လာပါတယ်။
လျှပ်စစ် မီးစက်ကားကို ကရိန်းနဲ့ ချိတ်ပြီး အပေါ်မတင်နေကြတဲ့ ပုံတွေ ဖြစ်ပါတယ်။ ပုံတွေနဲ့ ပတ်သက်ပြီးတော့ တချို့က စက်ပျက်သွားလို့ ကရိန်းနဲ့ ဆွဲနေတာလို့ မှတ်ချက်ပေးပေမယ့် တချို့ကတော့ နယ်ကို ကားပို့မှာမလို့ ကရိန်းနဲ့ ဆွဲတင်နေတာလို့ ပြောပါတယ်။
လိုက်ဖ်လွှင့်တဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ နယ်ကို ပို့မလို့ ဆိုတဲ့အကြောင်း ပါတယ်လို့ သိရပါတယ်။ ရွှေပြည်သာ လျှပ်စစ်ကားနဲ့ ပတ်သက်ပြီး မြန်မာပြည် ကားလောကမှာ ဝေဖန်မှု အမျိုးမျိုးနဲ့ ကြုံတွေ့နေရပါတယ်။
ဝေဖန်သုံးသပ်သူ အများစုကတော့ ပေးရတဲ့ ဈေးနဲ့ မတန်ကြောင်း၊ ခဏပဲ စီးလို့ ရမှာ ဖြစ်ကြောင်း စသဖြင့် bad review အများအပြား ရရှိခဲ့ပြီး သုံးလို့ကောင်းတယ်ဆိုတဲ့ သုံးသပ်ချက်ကို မတွေ့ရသလောက် ဖြစ်နေပါတယ်။
အဆိုပါ လျှပ်စစ် မီးစက်ကားရဲ့ ဈေးနှုန်းကို စက်ရုံဈေး ၁၁၆ သိန်းလို့ ပြောထားပေမယ့်လည်း လိုင်စင်ကြေး အပါအဝင် အပြင် ဈေးကွက်မှာတော့ သိန်း ၂၀၀ ဝန်းကျင် ပေါက်ဈေး ဖြစ်နေတယ်လို့ သိရပါတယ်။
ယင်း လျှပ်စစ်မီးစက်ကားများကို ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန်ကနေ အစီးရေ ၅၀၀ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။