ကျောင်းအပ်ရင် ငွေမတောင်းရလို့ ထုတ်ပြန်ထားပေမယ့် ခုံဖိုးတွေ ကပ်တိုးလေး တောင်းနေဟုဆို

အခြေခံပညာ ကျောင်းအုပ်နဲ့ ဆရာ/ဆရာမ တွေ ပိုက်ဆံ မတောင်းရဘူးလို့ စကစ လက်အောက်ခံ ပညာရေး ဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ကျောင်းအုပ်၊ ဆရာ၊ ဆရာများ အားလုံး နှင့် အရာထမ်း ၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့် အချက်တွေကို ထုတ်ပြန်လိုက်ပြီး မည်သည့် အခကြေးငွေမျှ ကောက်ခံခြင်း/လက်ခံခြင်းမပြုဖို့ ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံ တစ်ရာ လက်ခံခြင်းမပြုဖို့ သတိပေးချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ယင်းအပြင် အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့် ပစ္စည်းကိုမျှ ရောင်းချ ခြင်းမပြုလုပ်ဖို့အပါအဝင် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ ကျောင်းတက်မှန်ရေး၊ အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး၊ မိဘများနှင့် ပူးပေါင်း ဆွေးနွေး ဆောင်ရွက်ပေးပါရန် ညွန်ကြား ထားပါတယ်။

အဲဒီလို စာရွက်ပေါ်မှာ ထုတ်ပြန်ထားပေမယ့် တချို့ကျောင်းတွေမှာ ထိုင်ခုံဖိုးဆိုပြီး အလှူခံသလိုလိုနဲ့ စကစ လက်အောက်ခံ ကျောင်းအုပ်နဲ့ ဆရာ၊ ဆရာမတွေက ပိုက်ဆံကောက်နေတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ စာသင်ကျောင်း အချို့၌ လာဘ်ငွေ ရယူ၍ ကျောင်းအပ် လက်ခံနေသည်ဟု အာဏာသိမ်း စစ်ကောင်စီ ဥက္ကဌထံသို့ ဒေသခံ ပြည်သူတစ်ဦးက ကျောင်းသားမိဘများနှင့် ရပ်မိရပ်ဖများဟု ဆိုကာ တိုင်ကြားထားတာကို တွေ့ရပါတယ်။

တောင်ကြီးမြို့ အထက (၁) နှင့် အထက(၃) တို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) ၏မူဝါဒများနှင့် ဆန့်ကျင်ပြီး ကျောင်းသား/သူ များနှင့် မိဘပြည်သူများ အထင်အမြင် လွဲမှားစေရန် နည်းမျိုးစုံ သုံး၍ လုပ်ဆောင်နေသည်ဟု ဆိုကာ တိုင်ကြားထားခြင်း ဖြစ်ပါတယ်။

ကျောင်းသား မိဘများထံမှ လာဘ်ငွေများ ယူကာ ကျောင်းအပ် လက်ခံနေခြင်း၊ လာဘ်ငွေ မပေးနိုင်သူများကို နေရာ မရှိတော့ဟု ပြောကာ နေပူထဲတွင် တစ်နေကုန် တန်းစီခိုင်း ထားခြင်း၊ မချေမငံ ဟိန်းဟောက် ဆက်ဆံခြင်း၊ ကျောင်း အပ်လိုပါက ထုံးစံအတိုင်းလုပ်ရမည်ဟု အကျပ်ကိုင် ပြောဆိုခြင်းများကို နေ့စဉ် ပြုလုပ်နေသောကြောင့် ကျောင်းသား ကလေးငယ်များရော မိဘများပါ နေ့စဉ်နှင့်အမျှ စိတ်ဆင်းရဲခြင်း မျိုးစုံ ကြုံတွေ့ခံစားနေရကြောင်း တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

ကျောင်းသားမိဘ တစ်ဦးကလည်း “ တောင်ကြီး အထက(၁) ကျောင်းမှာ ကျောင်းသား/သူ အသစ်များကို ငွေ ငါးသောင်း အထက်ပေးမှ လက်ခံနေပါသဖြင့် ကျောင်းအပ်ဖို့ အခက်အခဲ ဖြစ်ပြီး ကြန့်ကြာမှုများကို ကျောင်းသားမိဘများ တွေ့ကြုံနေပါသည်၊ တခြား ကျောင်းပြောင်းများလည်း အပ်ဖို့ခက်ခဲနေပါတယ်။” ဟု သတင်း ပေးပို့ထားပါတယ်။

တချို့နေရာများတွင်လည်း ဖတ်စာအုပ်များ မပေးနိုင်ဘဲ၊ ခုံဖိုးများလည်း တောင်းနေတယ်လို့ သိရပါတယ်။ ကျောင်းအပ်တဲ့နေရာမှာ ပိုက်ဆံယူတာကို တိုင်ချင်ပေမယ့်လည်း လုံခြုံရေး အခက်အခဲကြောင့် ကျောင်းသားမိဘတွေက မတိုင်ရဲဘူး ဖြစ်နေတယ်လို့ သိရပါတယ်။ ကျောင်းကို ဟန်ဆောင်ဖွင့်ပြီး စာရင်းကောက်ရုံပဲ ကောက်တာ ဖြစ်လို့ တိုင်လည်း အရေးယူမှာ မဟုတ်ဘူးလို့ ကျောင်းအုပ်ဆရာကြီးဟောင်းတဦးက ပြောပြပါတယ်။ မနက်ဖြန် ကျောင်းတွေ ဖွင့်တဲ့အချိန်မှာ ကလေး ဘယ်နှယောက် ကျောင်းတက်ကြမလဲဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page