ပြည်တွင်းမှာ ကျပ်ငွေပဲ သုံးရမယ့် ဂယက်နဲ့ သမဆိုင်မှာ တန်းစီရတဲ့ခေတ်ပြန်ရောက်တော့မယ့်အဖြစ်

ဒေါ်လာ လိုအပ်ချက် မြင့်မားနေပြီး ငွေလဲလှယ်နှုန်း မတည်ငြိမ်လို့ ပြည်တွင်းမှာ ငွေပေးချေသုံးစွဲမှုများအား ကျပ်ငွေဖြင့်မဖြစ်မနေသုံးစွဲရမယ်လို့ ဗဟိုဘဏ် ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိမှာ ဟိုတယ်များ၊စားသောက် ဆိုင်အချို့၊ ပြည်တွင်းတွင် လာရောက်ဖွင့်လှစ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျောင်းများ၊ နိုင်ငံခြား သားများအား ပြည်တွင်း၌ နေရာထိုင်ခင်းငှားရမ်းမှုများ၊ အမှတ်တရပစ္စည်းဆိုင်များတွင် ကျပ်ငွေအစား နိုင်ငံခြားငွေ(အမေရိကန်ဒေါ်လာ) ဖြင့် ပေးချေဆောင်ရွက်နေသကဲ့သို့ ဝန်ကြီးဌာနအသီးသီးအောက်ရှိ လုပ် ငန်းများအဖွဲ့အစည်းများမှလည်း ၎င်းတို့ရရန်ရှိသည့် လုပ်ငန်းဆောင်ရွက်မှုဝင်ငွေများ(ဥပမာ- မြေငှားရမ်းခြင်း၊အာမခံလုပ်ငန်းများအတွက် မတည်ရင်းနှီးငွေထည့်ဝင်ခြင်း၊ဖက်စပ်လုပ်ငန်းများမှရရှိငွေများ)အား နိုင်ငံခြားငွေဖြင့် လက်ခံ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါလုပ်ငန်းတွေမှာ လှည့်ပတ်အသုံးပြုနေတဲ့ ဒေါ်လာတွေ အားလုံးကိုပါ စကစက သိမ်းယူချင်တာကြောင့် ယခုလို ကျပ်ငွေ မသုံးမနေရ အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ကျပ်ငွေသီးသန့် သုံးရင် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကတော့ ငွေတုများ ပေါများလာခြင်း၊ ငွေကြေးဖောင်းပွမှု ပိုမိုဖြစ်ပေါ်လာခြင်း၊ ခိုင်မာမှု မရှိတဲ့ ကျပ်ငွေများကို အများအပြား ကိုင်ထားမှုကြောင့် စိုးရိမ်ရခြင်းစတဲ့ အချက်တွေနဲ့ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

နောက်ထပ် သတင်းတပုဒ်ကတော့ မြန်မာပြည်ထဲကို တင်သွင်းလာမယ့် ပစ္စည်းတွေအတွက် သွင်းကုန် လိုင်စင်တွေကို ကန့်သတ်လိုက်တာပဲ ဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ဆက်လက် ဖော်ပြလိုက်ပါတယ်-

နိုင်ငံတွင်းသို့ ပြည်ပကတင်သွင်းနေတဲ့ ကုန်ပစ္စည်းတွေကို ဧပြီလကစပြီး လိုင်စင်လျှောက်ထားမှသာ တင်သွင်းခွင့်ရတော့မယ်လို့ စကစ လက်အောက်ခံစီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။

လိုင်စင်လျှောက်ထားဖို့ လိုအပ်တဲ့ ကုန်ပစ္စည်းအမျိုးအစား ၁၆၀၀ နီးပါးကို ထုတ်ပြန်ပေးထားပါတယ်။ ဒီလိုအခြေအနေတွေကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ အချိန်ကုန်တာ၊ ငွေကုန်တာတွေနဲ့ အကျပ်ရိုက်နေရတယ်လို့ သွင်းကုန် လုပ်ငန်းရှင် တချို့က ပြောပါတယ်။

“ကျွန်တော်တို့လို သွင်းကုန်လုပ်ငန်း လုပ်တဲ့သူအနေနဲ့လိုင်စင်လျှောက်ရတာကြောင့်မို့ အရင်တုန်းက လိုင်စင် မလိုဘူး အခုက အွန်လိုင်းမဟုတ်ဘူး လူကိုယ်တိုင်သွားပြီး လိုင်စင်လျှောက်ရတဲ့အတွက်ကြောင့် ကုန်ကျစရိတ်ပိုလာတယ်။ အချိန်ပိုပြီးတော့ကုန်တယ်။ ပြောရင်တော့ စရိတ်ပိုပြီးတော့ကုန်လာတာပါပဲ “လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုတိယ ဥက္ကဠ ကပြောပါတယ်။

လုပ်ငန်းရှင်တွေ အတွက်တော့ အရင်တုန်းကရှိခဲ့တဲ့အတိုင်း လိုင်စင်မလိုဘဲ တင်သွင်းခွင့်က ပိုအဆင်ပြေပြီး မဖြစ်မနေလိုင်စင်လျှောက်ထားရမယ်ဆိုရင်လည်း Trade net ထဲကနေ ရာခိုင်နှုန်းပြည့် အွန်လိုင်းစနစ်နဲ့ လျှောက်ထားခွင့်က ပိုအဆင်ပြေတယ်လို့ မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဠ ကမှတ်ချက် ပြုထားပါတယ်။

လက်ရှိ ပြောင်းလဲကျင့်သုံးလိုက်တဲ့ သွင်းကုန်လိုင်စင်စနစ် ဟာ ပို့ကုန် /သွင်းကုန် ပစ္စည်းတွေရဲ့ ၇၀ ရာခိုင်နှုန်းသာ အွန်လိုင်းစနစ်နဲ့ခွင့်ပြုထားပြီး လက်ရှိ စားသုံးဆီ နဲ့ စက်သုံးဆီကို ဦးစားပေးအနေနဲ့ လိုင်စင်ချထားပေးတာတွေရှိနေတယ်လို့ UMFCCI ရဲ့ ဗဟိုအလုပ်အမှုဆောင် တစ်ဦးက ပြောပါတယ်။

“စီးပွားကူးသန်းကတော့ လက်ရှိအရေးကြီးတဲ့အပိုင်းကို ဦးစားပေးသွင်းနေတာလေးရှိနေတာပေါ့ ။ အရေးကြီးတဲ့ အပိုင်းဆိုတာ ဥပမာ စက်သုံးဆီရယ်၊ စားသုံးဆီရယ်ပေါ့ အဲ့ ၂ ခုကိုတော့ ဦးစားပေးပြီးတော့ လိုင်စင်လေးတွေ ခွင့်ပြု ပေးနေတာတွေ့ရတယ်။ မော်တော်ယာဉ်ဆိုရင်တော့ လောလောဆယ်လုံးဝခွင့်မပြုဘူး။ အရမ်းအရေးတကြီး လိုအပ်တဲ့ပစ္စည်းတွေမဟုတ်တဲ့ ဥပမာ လူသုံးကုန်ပစ္စည်းတွေ၊ အလှကုန်ပစ္စည်းတွေ၊လျှပ်စစ်ပစ္စည်းတွေ အဲဒါတွေကြတော့လည်း လောလောဆယ်တော့ အနည်းအကျည်းပဲ ခွင့်ပြုပေးတဲ့ သဘောရှိတယ် “လို့UMFCCI ရဲ့ ဗဟိုအလုပ်အမှုဆောင် တစ်ဦးက ပြောပါတယ်။

ဒါကြောင့် အွန်လိုင်းစနစ်နဲ့ လျှောက်ထားခွင့်ပြုထားတဲ့ ဦးစားပေးကုန်စည်အမျိုးအစားမှာ မပါဝင်တဲ့ပစ္စည်း တင်သွင်းသူတွေကတော့ လိုင်စင်ကို သက်ဆိုင်ရာရုံးတွေကို လူကိုယ်တိုင်လျှောက်ထားရမှာမို့ အွန်လိုင်းစနစ်နဲ့ဆောင်ရွက်ပေးဖို့ သွင်းကုန်လုပ်ငန်းရှင်တွေက လိုလားကြပါတယ်။

အဲလိုပဲ ပြည်တွင်း ထုတ်လုပ်နိုင်ချေနည်းပါးတာကြောင့် ပြည်ပသွင်းကုန် အများစုကို အားထားပြီး အသုံးပြုနေရတဲ့ မြန်မာနိုင်ငံအနေနဲ့ လက်ရှိမှာပြည်တွင်း ကုန်ပစ္စည်း ဈေးနှုန်းကြီးမြင့်လာတဲ့ အခြေအနေတွေဟာ အခုလို သွင်းကုန်ကန့်သတ်ချက်တွေကြောင့်လည်း ပါဝင်နေတယ်လို့ မှတ်ချက်ပြုတာတွေလည်း ရှိနေပါတယ်။

ယခုလို သွင်းကုန်လိုင်စင်တွေကို ကန့်သတ်လိုက်တာကြောင့် လာမယ့်ကာလမှာ မြန်မာပြည်အနေနဲ့ အီလက်ထရွန်နစ် ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ စားသောက်ဖွယ်ရာများ စတဲ့ နိုင်ငံခြားက တင်သွင်းတဲ့ ပစ္စည်းတွေ ရှားပါးသွားပြီး မြောက်ကိုရီးယားလို ဖြစ်သွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page