ဆီးဂိမ်းပြိုင်ပွဲတွင် လူသိမများသည့် အားကစားနည်းများမှ မြန်မာ ရွှေတံဆိပ် (၉) ခု ရရှိ

ဗီယက်နမ်နိုင်ငံမှ မေ ၁၂ ရက်မှ ၂၃ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၃၁ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့များမှ ရွှေတံဆိပ် (၉) ခု ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့သည် အားကစားနည်း ၂၀ မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဗိုဗီနမ်အားကစားနည်းမှ ရွှေတံဆိပ် ၃ ခု၊ ဝူရှူးအားကစားနည်းမှ ရွှေတံဆိပ် ၁ ခု၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှုမှ ရွှေတံဆိပ် ၁ ခု၊ ကူရှက် အားကစားနည်းမှ ရွှေတံဆိပ် ၁ ခု၊ ဘိလိ ယက်နှင့်စနူကာအားကစားနည်းမှရွှေတံဆိပ် ၁ ခု၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ ရွှေတံဆိပ် ၁ ခုနှင့် ပီတန်းအားကစားနည်းမှ ရွှေတံဆိပ် ၁ ခု(စုစု ပေါင်း ရွှေတံဆိပ် ၉ ခု) ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ထို့ကြောင့် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့သည် ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ နိုင်ငံအ လိုက်ဆုရရှိမှုစာရင်းတွင် အဆင့် ၇ ၌ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။

အဆင့် (၈) ရရှိသည့် ကမ္ဘောဒီးယားနိုင်ငံနှင့် ရွှေတံဆိပ်ဆု အရေအတွက် တူညီသော်လည်း မြန်မာက ငွေတံဆိပ် အရေအတွက်မှာ အသာရခဲ့တာကြောင့် အဆင့် (၇) နေရာကို ရရှိခဲ့တာ ဖြစ်ပါတယ်။ စုစုပေါင်း ဆုတံဆိပ် အရေအတွက်မှာတော့ ကမ္ဘောဒီးယားက မြန်မာထက် အသာရရှိခဲ့ပါတယ်။

မြန်မာအသင်း ရွှေတံဆိပ် ရရှိခဲ့သည့် အားကစားနည်းများတွင် ပိုက်ကျော်ခြင်း၊ ဝူရှူး၊ ဘိလိယက်နှင့် ကာယဗလ အားကစားနည်းများကိုသာ ပြည်သူများ သေသေချာချာ သိရှိပြီး ကူရှက်၊ ဗိုဗီနမ်နှင့် ပီတန်း အားကစားနည်းများကိုတော့ ပြည်သူများ လုံးဝ မသိရှိတာကို တွေ့ရှိခဲ့ရပါတယ်။

ဆီးဂိမ်းပြိုင်ပွဲတွေမှာ အိမ်ရှင်တွေက ရွှေတံဆိပ် အများဆုံး ရလိုတာကြောင့် သူတို့ ပိုင်နိုင်တဲ့ ရိုးရာ ကစားနည်းတွေကိုပါ ထည့်သွင်းကျင်းပကြလေ့ ရှိပါတယ်။ အဲဒါကြောင့် တကမ္ဘာလုံး ပြိုင်ကြတဲ့ အိုလံပစ်လိုပွဲမျိုးတွေမှာ အရှေ့တောင်အာရှ နိုင်ငံတွေ အနေနဲ့ အားကစားနည်း အချို့မှ တပါး မတိုးနိုင် ဖြစ်နေတာကို တွေ့ရပါတယ်။

ယခုပြိုင်ပွဲမှာလည်း အိမ်ရှင် ဗီယက်နမ်အသင်း ရရှိခဲ့တဲ့ ရွှေတံဆိပ် စုစုပေါင်း (၂၀၅) ခုဟာ ပြိုင်ပွဲသမိုင်း တလျှောက် အများဆုံး ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကမ္ဘာမှာ သိပ်မကစားကြတဲ့ အားကစားနည်းတွေကို ထည့်သွင်းကျင်းပပြီး ရွှေတံဆိပ်ယူဖို့ ဖန်တီးထားသလိုတောင် ဖြစ်နေပါတယ်။

မြန်မာပြည်သူတွေ ကြိုက်ကြတဲ့ ဘောလုံးပြိုင်ပွဲမှာတော့ မြန်မာအမျိုးသား အသင်းက အုပ်စုကနေ ဆုတ်ပြန်လာခဲ့ပြီး မြန်မာအမျိုးသမီးအသင်းကတော့ သမိုင်းမှာ စံချိန်တင် အရှုံးနဲ့ ဖိလစ်ပိုင် အမျိုးသမီးအသင်းကို အရှုံးပေးခဲ့ရပါတယ်။

ပြိုင်ပွဲ သဘောတရားအရ အချို့ပြိုင်ပွဲတွေမှာ ဆုတံဆိပ် ပေးလို့ရအောင် ဝင်ပြိုင်တဲ့နိုင်ငံ နှစ်နိုင်ငံလောက်ပဲ ရှိတဲ့ အားကစားနည်းတွေကို ထည့်သွင်းကျင်းပစေခဲ့တာကြောင့် ယခုနှစ် ဆီးဂိမ်းပြိုင်ပွဲဟာ ဆုတံဆိပ်တွေ ဖောင်းပွနေတာကို တွေ့ရပါတယ်။

အဓိက အရေးကြီးတဲ့ အချက်ကတော့ စကစက ရွှေတဆုလျှင် သိန်း (၃၀၀) ချီးမြှင့်မယ်လို့ ပြောခဲ့တာကြောင့် ယခု ရရှိတဲ့ ရွှေ (၉) ဆုအတွက် သိန်း ၂၇၀၀ ကို ငွေသားနဲ့ပေးမှာလား၊ ဘဏ်ကနေ လွှဲပေးမှာလား၊ တိုကင်နဲ့ ပေးမှာလား၊ နှစ်ပတ်ကို သုံးသိန်ပဲ ထုတ်ပေးမှာလား၊ ဝန်ကြီးလက်မှတ်နဲ့မှ ထုတ်ပေးမှာလားဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page