ရန်ကုန်တွင် တိုက်နှစ်လုံးကြား ကြံကြံဖန်ဖန် ညှပ်နေသူကို (၃) နာရီကြာ ခက်ခဲစွာ ကယ်ထုတ်ခဲ့ရ

မြန်မာနိုင်ငံ မီးသတ်ဌာနသို့ ၂၅.၅.၂၀၂၂ ရက်နေ့၊ ညနေ ၃ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ (၅၁)လမ်း၊ အပေါ်ဘလောက်ရှိ တိုက်(၂)တိုက်ကြားတွင် လူ(၁)ဦး ညှပ်နေကြောင်း သတင်းပေးပို့လာပါသည်။

သတင်းအရ တာမွေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

တိုက် နှစ်လုံးကြားတွင် ညှပ်နေသူအား ပုံမှန်အတိုင်း ကယ်ထုတ်၍ မရသောကြောင့် ညှပ်နေတဲ့ နံရံများကို ဖောက်ပြီး (၃) နာရီကြာ ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရပါသည်။

ညနေ ၆ နာရီ ၄၄ မိနစ်တွင် ညှပ်နေသူအား အသက်ရှင်လျက် အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပါသည်။ ဒဏ်ရာ ရရှိထားသူအား ပီတိမေတ္တာ လူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။

တိုက်နှစ်လုံးကြား ညှပ်နေသူသည် သူခိုးတယောက် ဖြစ်နိုင်ကြောင်း၊ တိုက်နံရံတွင် တွယ်ကပ်၍ ဖောက်ထွင်း ခိုးယူမှု ပြုလုပ်စဉ် နံရံကြား ညှပ်သွားတာ ဖြစ်နိုင်ကြောင်း အနီးရှိလူများက မှတ်ချက်ပြုပါသည်။ လူနာအနေနဲ့ ဒဏ်ရာများ သက်သာမှသာ ဖြစ်စဉ်ကို ဆက်လက် စုံစမ်းသွားမယ်လို့ သိရပါသည်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page