လေထဲက ပိုက်ဆံပြီးတော့ လေထဲက ရွှေလာပါပြီ (ရွှေရောင်းသူတွေကို ရက်ချိန်းပေးပြီး ရွှေပြန်ဝယ်နေ)

ရွှေရောင်းသူများနေသည့်အတွက် ရွှေဆိုင်အချို့ ရက်ချိန်းဖြင့် ရွှေပြန်ဝယ်ယူနေရကြောင်း ယနေ့ ရွှေသွားရောက်ရောင်းချသူ အမျိုးသမီးတစ်ဦးကပြောပါတယ်။ ယနေ့ ရွှေနန်းတော် ရွှေဆိုင်တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)၏ ရွှေစျေးသတ်မှတ်စျေးအတိုင်း စျေးမဖြတ်ဘဲ ၁၅ပဲရည် ရွှေတစ်ကျပ်သားကို ၂၄သိန်းဖြင့် စျေးဖြတ်ကာ ၁၉ရက်နေ့တွင် ပြန်လည်ရောင်းချရန် ချိန်းဆိုခဲ့တယ်လို့ သိရပါတယ်။

“အမက ဒီနေ့ ရွှေသွားရောင်းတာ။ အရင်က ရွှေနန်းတော်မှာ ဝယ်တာဆိုတော့ အဲ့မှာပဲသွားရောင်းတာ။ စျေးပဲဖြတ်ပေးလိုက်တယ် ။ ချက်ချင်းမဝယ်ဘူး။ ၁၉ရက်နေ့ချိန်းတယ်။ အခုဘာလို့ရောင်းမရတာလဲ မေးတော့ ရွှေရောင်းတဲ့ လူစာရင်းစာအုပ်ကိုပြတယ်။ အများကြီးမို့လို့ဆိုပြီး ပြောတယ်”

ရန်ကုန်တိုင်း၊ ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)မှ ရွှေစျေးနှုန်းအပိတ်စျေးကို ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း နှစ်ဆယ် ရှစ်သောင်း ခြောက်ထောင်ဖြင့် ယနေ့(ဩဂုတ်လ ၁၅ရက်)နေ့ ၊ နေ့လယ် ၂နာရီ ၃၀မိနစ်က ပြင်ပပေါက်စျေးထက်များစွာ လျှောပေါ့သတ်မှတ်ထားသော်လည်း ယင်းစျေးဖြင့် မရောင်းချပေးကြောင်း YGEAအသင်း၏ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“အသင်းက ရောင်းတယ်လို့မပြောဘူး။ စစ်တပ်အကြိုက် စျေးသတ်မှတ်ပေးတာပဲရှိတာ။ အခု အခေါက်ရွှေစျေးက ၂၈သိန်းကျော်နေပြီ။ စျေးကွက်က အရင်ကပြောသလိုပဲ ပျက်နေပြီ။ နောက်ဆို ရွှေဆိုင်တွေ ရွှေကိုင်ပြီး အဝယ်မရှိဘဲ ပြန်သွင်းရွှေကိုပဲ စာရင်းမှတ်နေရလိမ့်မယ် ” ဟု YGEAအသင်း၏ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လက်ရှိရွှေစျေးကွက်သည် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)၏ သတ်မှတ်စျေးအတိုင်း ရွှေရောင်းချသူ လုံးဝမရှိဘဲ နာမည်ကြီးရွှေဆိုင်များတွင် ရွှေလာရောက်ဝယ်ယူသူနည်းပါးကာ ရွှေပြန်လည်ရောင်းချသူများပြားနေသောကြောင့် လက်ငင်းငွေမရှင်းပေးနိုင်ဘဲ ရက်ချိန်းဖြင့် အသွင်းလက်ခံနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page